Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, By Adam Selene, 25th February 2010

          ကြောက်ရွံ့စိတ်သည် အင်အားကြီးသော အရာတစ်ခု ဖြစ်သည်။ စိတ်ဓာတ် စစ်ဆင်ရေးတွင် အလွန်တော်သော၊ လက်ရှိတပ်မတော်တွင် တာဝန်ယူထားဆဲ စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုမေးကြည့်ပါ။ ပုံမှန်အားဖြင့် ပြည်သူလူထုက လုပ်မည်ဟု မထင်ရသော ကိစ္စများကို ပြုလုပ် လာအောင် ကြောက်ရွံ့စိတ်က ခိုင်းစေနိုင်သည်။ ဒီမိုကရေစီ ပုံစံသစ်တမျိုးကို မိတ်ဆက် ပေးခြင်းသည် တပ်မတော်က ပြည်သူတို့အပေါ် လွမ်းမိုးထားသော အာဏာကို ၁၀ နှစ်အတွင်း တဖြည်းဖြည်း ပျက်စီးသွားစေမည် ဖြစ်သည်။

          ကြောက်ရွံ့စိတ်ကပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြုပြင်ရေးသမားတစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ ယခုကိစ္စကို ၎င်း၏ တွေးခေါ်ပုံမှ စ၍ လေ့လာကြည့်ရအောင် ဦးနေဝင်းနှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့၏ ဇာတ်လမ်းများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သိရှိနားလည် ထားခဲ့ပြီး ဖြစ်သည်။ ၎င်း၏ရှေ့မှ အာဏာရှင်များသည် ကြောက်မက်ဖွယ် ဖြစ်ရပ်များဖြင့် အဆုံးသတ် သွားခဲ့ကြသည်။ ဦးနေဝင်းသည် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထိုသူများကို ထိုသို့ လုပ်ဆောင်ခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ဖြစ်၍ သူ့အလှည့်တွင်လည်း ထိုသို့ ဖြစ်လာမည်ကို လိုလားလိမ့်မည် မဟုတ်ပါ။

          အာဏာရှင် ခေါင်းဆောင်သည် အိုမင်းမစွမ်း ဖြစ်နေပါပြီ။ သူ၏ သရဖူ ခေါင်းဆောင်းကို အမွှေလွှဲပေးရမည့် အိမ်ရှေ့မင်းကို ကြေညာရတော့မည့် အချိန်မှာ မဝေးတော့ဆိုသည်ကို သူသဘောပေါက်နေပြီ ဖြစ်သည်။ သို့ရာတွင် ထိုသို့ ပြုလုပ်ချိန်၌ သူ့အနေဖြင့် ဘေးကင်းစွာ အနားယူနိုင်ရန် အလားအလာ နည်းသည်ဟု ဆိုရမည် ဖြစ်သည်။ အလုံးစုံ လွှဲမပေးခြင်းက ပိုကောင်းလိမ့်မည်ဟု ဗိုလ်ချုပ်မှူးကြီးက ယူဆဖို့ များသည်။

          သူ့အတွက် ဘေးကင်းမည်ဟု ယူဆရသော ဖြေရှင်းနည်း တစ်ခုကို သူက ဖန်တီးလိုက်သည်။ ၂၀၁၀ တွင် ဒီမိုကရေစီအစိုးရ တစ်ခု အုပ်ချုပ်မည့် အစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီးက လက်ခံလိုက်သည်။ တပ်မတော်အနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ရနိုင်မည့် ရွေးကောက်ပွဲများ၏ အရေးကြီးကဏ္ဍများအပေါ် လောင်းရိပ် မိုးထားမည့် ၂၀၀၈ အခြေခံဥပဒေကို ၎င်းက ဖော်ထုတ်လိုက်သည်။ တပ်မတော် ခေါင်းဆောင်များအား နှိမ်ချဆက်ဆံခြင်း၊ အခွင့်အရေးများ ဆုံးရှုံးသွားနိုင်ခြင်း စသော ကိစ္စများကို ကာကွယ်ပေးမည့် အချက်အလက်များ အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်သည်။

          ရလဒ်မှာ သူနှင့် ခြေရာတိုင်းမည့် ဆက်ခံသူ အာဏာရှင် (သို့) ဒီမိုကရေစီ တစ်ဝက် အစိုးရကို သူ့အနေဖြင့် ကြောက်စရာ မလိုတော့ခြင်း ဖြစ်သည်။ ယခုအခါ သူစိတ်ချလက်ချ အနားယူနိုင်ပြီ ဖြစ်သည်။ ၎င်းက အရေးကြီးသည်ဟု ထင်သော အရာများကို လုပ်ဆောင်ရန် စစ်တပ် ခေါင်းဆောင်ပိုင်းအတွင်း လာမည့် နှစ်များ၌ ဆက်လက် လွှမ်းမိုးလိမ့်ဦးမည်လည်း ဖြစ်သည်။

          အမှန်စင်စစ်မှာမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောက်ရွံ့ဆုံးသူမှာ အတိုက်အခံအုပ်စုများ မဟုတ်ပါ။ အတိုက်အခံများမှာ အားနည်းချို့တဲ့ကာ အုပ်စုများ ကွဲနေပြီးဖြစ်သည့် အားလျော်စွာ တိကျသော အစီအစဉ်များ၊ စွမ်းရည်ရှိ ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အတွေ့အကြုံများလည်း မရှိကြပါ။ သူ အမှန်တကယ် အကြောက်ရွံ့ဆုံးသူမှာ တပ်မတော် သို့မဟုတ် စစ်တပ်ပင် ဖြစ်သည်။

          စစ်တပ်အတွင်းရှိ အများစုမှာ သူ၏ ပြောင်းလဲရေး အစီအစဉ်ကို လက်မခံကြပါ။ သူ့တပည့် ဗိုလ်ချုပ် အများစုမှာ ရှေ့မတိုး နောက်မဆုတ် ပုံစံဖြင့် ခရီးဆက်ရန် လိုလားကြပြီး သူတို့၏ စီးပွားရေး လုပ်ပိုင်ခွင့်များကို ဆက်လက် ဖက်တွယ်ထားလိုသူများ ဖြစ်သည်။ လွှတ်တော်အမတ် ဖြစ်ဖို့ ယူနီဖောင်း ချွတ်ရန် ညွှန်ကြားခံရသူ ဗိုလ်ချုပ်တစ်ယောက်အတွက် မည်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်း။ ငွေရှာရန် ရာထူးကို အသုံးမချနိုင်သောအခါ မည်သည့် အရာများ ဖြစ်လာမည်နည်း။

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အကြီးမားဆုံး ခြိမ်းခြောက်နေသည့် အရာမှာ ရွေးကောက်ပွဲအပြီး စစ်တပ် အာဏာသိမ်းမှုအသစ် ဖြစ်လာနိုင်သော အချက် ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက သူ၏ အစီအစဉ် အားလုံး အမှိုက်ပုံးထဲ ရောက်သွားမည်ဖြစ်ကာ အကာအကွယ် အစီအမံများလည်း ရေစုန်မျောသွားမည် ဖြစ်သည်။

          ယုံချင်ယုံ၊ မယုံချင်နေပါ။ ဗိုလ်ချုပ်ကြီးသန်းရွှေသည် လက်ရှိ တပ်မတော်အတွင်း တိုးတက်သော အယူအဆများကို လက်အခံဆုံးသူ တစ်ဦး ဖြစ်သည်။

          သူ၏ အယူအဆများသည် ကိုယ်ကျိုးစီးပွားကို အခြေခံ၍ မွေးဖွားလာခြင်းကြောင့် မှားယွင်းသည်ဟု ဆိုနိုင်သော်လည်း ရလဒ်များမှာ မြန်မာနိုင်ငံကို ရေရှည် အကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟု ဆိုလျှင် ယခု အတွေးအခေါ် သုံးသပ်ချက်ကို လက်ခံ စဉ်းစားကြည့်ကြရန် သင့်တော်လိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment