Transparency Myanmar

transparency.myanmar@gmail.com

Inter Press Service News Agency, 25th February 2010

          တိဗက်ကုန်းမြင့်မှ မြစ်ဖျားခံလာသော နူးမြစ်သည် မြန်မာနိုင်ငံကို ဖြတ်သန်း၍ အင်ဒါမန် ပင်လယ်တွင်းသို့ မဝင်မီ တရုတ်ပြည် အနောက်ပိုင်း ယူနန်ပြည်နယ်ကို ဖြတ်သန်း၍ တောင်ကြောနှစ်ခု ကြားမှ စီးဆင်းသည်။ ၎င်းနေရာသည် တိုင်းပြည်တွင်းရှိ တတိယမြောက် တိုင်းရင်းသား မျိုးနွယ်များ နေထိုင်ရာဒေသ ဖြစ်သည့်အပြင် အပင်မျိုးစိတ်ပေါင်း ၇၀၀၀၊ တိရိစ္ဆာန် အမျိုးပေါင်း ၈၀ နှင့် ငါးများအတွက် သဘာဝ ဂေဟစနစ်ကိုလည်း ဖြစ်ပေါ်စေသည်။

          မြန်မာနိုင်ငံမှ ခရစ်ယာန်မစ်ရှင်များ တရုတ်ပြည်သို့ ပထမဆုံး ဝင်ရောက်သည့် ဒေသဖြစ်၍ ယနေ့ နျူးနှင့် တိဗက် လူ့အဖွဲ့အစည်းမှာ ကက်သလစ် ဘာသာဝင်များ ဖြစ်နေပြီး၊ ဘုရားရှိခိုးကျောင်းများတွင် ဘုရားကျောင်းတက်၍ ယေရှုနှင့် မာရီတို့၏ ရုပ်ပုံကားချပ်များ အောက်တွင် ဝတ်ပြုလျက် ရှိသည်။

          အဆိုပါ ဒေသသည် တရုတ်ပြည်၏ ဝေးလံ၍ စိတ်ဝင်စားစရာ ကောင်းသော နေရာဖြစ်ပြီး တရုတ်ပြည်၏ အဓိကမြစ် ၂ စင်း အနက် ရေလှောင်တမံ မဆောက်ရသေးသော မြစ်လည်း ဖြစ်သည်။

          သို့သော် ထိုအခြေအနေသည် နောက်ဆုံး မဟုတ်ပါ။ ရေစီးအား ပြင်းထန်၍ "ဒေါသ" ဟု အဓိပ္ပါယ်ထွက်သည့် နူးမြစ်ကြောင်းတလျှောက် ရေလှောင်တမံ ၁၃ ခု တည်ဆောက်ရန် စွမ်းအင် ကုမ္ပဏီများ အသင်းက ၂၀၀၃ တွင် အဆိုပြုခဲ့ပြီး ၎င်းစီမံကိန်းမှ ထုတ်လုပ်ပေးမည့် လျှပ်စစ် ဓာတ်အားသည် ဟူဘေးပြည်နယ် ယန်စီမြစ်ပေါ်ရှိ ရေကာတာ ၃ ခုမှ ထွက်ရှိသော ဓာတ်အားထက် ပိုမို များပြားဖွယ် ရှိနေသည်။ ယခု စီမံကိန်းနှင့်အတူ တရုတ်နိုင်ငံ၏ အပျံသင်စ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာကာ နူးမြစ် သဘာဝအတိုင်း စီးဆင်းမှုကို ထိန်းသိမ်းရန် တောင်းဆိုသည့် အသံများလည်း ထွက်ပေါ်ခဲ့သည်။

          အဆိုပါ ဇာတ်လမ်းကို ပြည်တွင်း၊ ပြည်ပ သတင်းစာများက ရှေ့တန်းတင် ဖော်ပြခဲ့သောကြောင့် ၂၀၀၄ ခုနှစ်တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က စီမံကိန်း ရပ်ဆိုင်းရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာမှုများ အပြည့်အဝ ပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး တရုတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများ၏ အဓိက အောင်ပွဲတစ်ခု ဖြစ်ခဲ့သည်။

          အောင်ပွဲမှာ ကြာကြာမခံပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာ စုံစမ်းမှုများကို လူထုအား လုံးဝ အသိမပေးခဲ့ပါ။ နူးမြစ်သည် တရုတ်ပြည် ပြင်ပတွင် သံလွင်မြစ်အဖြစ် စီးဆင်းသွားသည့် နိုင်ငံတကာ မြစ်တစ်စင်း ဖြစ်သည်ဟု အစိုးရက စောဒက တက်ခဲ့ပြီး ဖွံ့ဖြိုးရေး စီမံချက်များကို နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေအောက်တွင် ထားရှိလိုက်သည်။

          စီမံကိန်း၏ အရွယ်အစားကို ရေလှောင်တမံ ၁၃ ခုမှ ၄ ခုသို့ လျော့ချလိုက်ပြီး ဝမ်ကျားပေါင်၏ တရားဝင် အမိန့် မထုတ်ပြန်မီမှာပင် ကနဦး ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ၂၀၀၈ မတ်လတွင်မူ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က နူးမြစ်ပေါ်ရှိ ရေလှောင်တမံများကို အဓိက စီမံကိန်းများအဖြစ် ဖော်ပြထားသော စွမ်းအင် ဖွံ့ဖြိုးရေး ၅ နှစ် စီမံချက်ကို လူထုသို့ ထုတ်ပြန်လိုက်သည်။

          ယနေ့ အချိန်တွင်မူ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့လည်း UNESCO က ကမ္ဘာ့အံ့ဖွယ် နေရာအဖြစ်သတ်မှတ်ထားသော မြစ် ၃ စင်းပြိုင်ဒေသ၏ တောင်ဘက်ကပ်ရက် နူးမြစ်၏ လက်တက် တစ်ခုပေါ်တွင် တည်ဆောက်နေသော ရေလှောင်တမံငယ်မှာ ပြီးစီးလုနီး ဖြစ်သည်။

          ၂၀၀၇ တွင် လီကူမြို့၏ အထက်ဖက်၊ ဇိုရှာဘားရွာမှ ဒေသခံ မိသားစု ၁၂၀ ခန့်ကို တိုက်ခန်းသစ်များသို့ ရွေ့ပြောင်းပေးခဲ့ပြီး ဓာတ်အားပေး စက်ရုံအတွက် လမ်းဖောက်လုပ်ခဲ့သည့်  တစ်ချိန်တည်းတွင်ပင် တောင်ဖက်ရှိ မြန်မာနိုင်ငံကလည်း ရေလှောင်တမံ စီမံကိန်းတစ်ခု စတင်နေပြီး တရုတ်သို့ ရောင်းချရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည် ဖြစ်သည်။

          ပြီးခဲ့သော မေလကမူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာ စစ်ဆေးမှုများ အပြည့်အဝ ပြီးစီးသည်အထိ စီမံကိန်းများကို ရပ်ဆိုင်းထားရန် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ထပ်မံ အမိန့်ပေးခဲ့သည်။ သို့သော်လည်း အသက် ၆၇ နှစ်ရှိ ဝန်ကြီးချုပ်အနေနှင့် ၂၀၁၂ ၌ အနားယူသည့် အခါတွင် စီမံကိန်းများ ပြန်လည် စတင်လိမ့်မည်ဟု အကဲခတ်သမားများက ပြောကြားနေသည်။

          သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက နူးမြစ်ပေါ်မှ ရေလှောင်တမံများကို ဇွဲရှိရှိဖြင့် ဆန့်ကျင် ကန့်ကွက်လျက် ရှိနေသောကြောင့် အငြင်းပွားဖွယ် ကိစ္စမှာ အဖြူ၊ အမည်း မသဲကွဲသေးပါ။ တရုတ်နိုင်ငံသည် စွမ်းအင်ကို အလွန်ပင် ဆာလောင်လျက် ရှိနေပြီး လက်ရှိ ပြည်တွင်းတွင် ဖြန့်ဖြူးပေးနေသော ဓာတ်အား ၈၀ % ကို ညစ်ပေသော ကျောက်မီးသွေး ဓာတ်အားပေးရုံများမှ ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းဓာတ်အား၏ ၁၅ % မျှသာ ဖြည့်ဆည်းပေးနိုင်သေးသော ရေအား လျှပ်စစ်မှာ အငြင်းပွားစရာ ဖြစ်နေသော်လည်း ၎င်းကို ပိုမို သန့်ရှင်းသော ရွေးချယ်စရာ အသစ်တစ်ခုအဖြစ် ရှုမြင် ထားကြသည်။

          ရေလှောင်တမံများသည် ဆင်းရဲ နွမ်းပါးသော နူးဒေသမှ အလုပ်အကိုင် ရှားပါးမှုကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ဒေသတွင်းရှိ ပြည်သူ ၂၀ % မျှသာ လျှပ်စစ်ဓာတ်အား ရရှိသည်ဟု ဒေသ အာဏာပိုင် အစိုးရက ခန့်မှန်းထားပြီး ရေလှောင်တမံများကြောင့် တစ်စုံတစ်ရာ တိုးတက်မှု ရှိလာမည်ဟုလည်း ဆိုသည်။

          ယခုအခါ နူးမြစ်နှင့် ပတ်သက်၍ သဘောထားများ ကွဲပြားလျက် ရှိသည်။ အမေရိကန်လူမျိုး Kristen Mc Donald က သူမ၏ ဘွဲ့ကြိုစာတမ်းအတွက် မြစ်ကြောင်း တလျှောက်ရှိ ရွာသား ၂၀၀ ကို အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် အကြမ်းဖျင်းအားဖြင့် သုံးပုံတစ်ပုံက စီမံကိန်းကို ထောက်ခံပြီး သုံးပုံတစ်ပုံက ကန့်ကွက်ကာ သုံးပုံတစ်ပုံက မဆုံးဖြတ်နိုင်ကြောင်း တွေ့ရှိထားသည်။

          ပြောင်းရွှေ့ခံရသည့် လီဆူးမျိုးနွယ်များ၏ ဇိုရှာဘားကျေးရွာမှ ဒေသခံများက ရွာဟောင်းနှင့် ကီလိုမီတာ အနည်းငယ် အကွာရှိ ၂ ထပ် တိုက်ခန်းကျယ်များတွင် အိမ်ခန်းသစ်များ ရရှိသောကြောင့် ပျော်ရွှင်ကြောင်း ပြောကြားခဲ့ကြသည်။

          "ရွာဟောင်းနဲ့ ရွာသစ်က လှတာချင်း အတူတူပါပဲ" ဟုပြောကြားသူမှာ တိုက်ခန်းသစ်နှင့် အတူ ရွှေ့ပြောင်း နစ်နာကြေး တစ်လလျှင်  ယွမ် ၈၀၀ (၁၁၇ ဒေါ်လာ) ရရှိသူ အသက် ၄၀ အရွယ် ဘတ်စ်ကားယာဉ်မောင်း လီယူဇင် ဖြစ်သည်။ တစ်ခုတည်းသော ပြဿနာမှာ အိမ်မွေးတိရိစ္ဆာန်များ ထားရန် အခန်းမရှိခြင်း ဖြစ်သည်။ အိမ်အသစ်ကို ကြိုက်နှစ်သက်သည်။ ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်ဟု ၎င်းက ဆိုသည်။

          ပို၍ အထက်ဖက်ကျသော ဘင်ဇောင်လိုမြို့အနီးမှ ရွာသားတစ်ဦး ဖြစ်သော ခြေလျင်တောင်တက် လမ်းပြ တိဗက်လူမျိုးကမူ နူးမြစ် ရေလှောင်တမံမှ ရရှိမည့် အကျိုးကျေးဇူးများကို ယုံကြည်မှု မရှိသူ ဖြစ်သည်။ အခြေအနေအရ အမည်မဖော်ပြရန် တောင်းဆိုခဲ့သော အဆိုပါရွာသား၏  ၅ နှစ်တိုင် ကြိုးပမ်းနေသော မျှော်လင့်ချက်မှာ ရေလှောင်တမံများ၏ ဆိုးကျိုးကို မှတ်တမ်းတင်မည့် အနှစ် ၂၀ ဗီဒီယို အထောက်အထား မှတ်တမ်း ရိုက်ကူးရေးပင် ဖြစ်သည်။

          "ရေလှောင်တမံကြောင့် ထွက်ပေါ်လာနိုင်တဲ့ အပြောင်းအလဲတွေကို လူတွေက ပိုပိုပြီး သိလာ ကြပြီ၊ သူတို့အတွက် ကောင်းဖို့ မရှိဘူး ဆိုတာကို နားလည်လာကြပြီ" ဟု ၎င်းက ပြောကြားသည်။ "ဒီရွာတွေ ရှင်သန်နိုင်အောင် ဘယ်လို ထိန်းသိမ်းကြမလဲ ဆိုတာကို ကျွန်တော် စိုးရိမ်နေတယ်" ဟု ၎င်းက ဆိုသည်။

          နူးမြစ် ကယ်တင်ရေး ကနဦး လှုပ်ရှားမှုများတွင် တက်ကြစွာ ပါဝင်ခဲ့သော အဖွဲ့ ဖြစ်သည့် ဘီဂျင်း အခြေစိုက် NGO Green Earth Volunteers ကို ပူးတွဲ တည်ထောင်သူ၊ သတင်းထောက် ဝမ်ယုံချန်းက စီမံကိန်း ဆက်လက် လုပ်ဆောင်သည်နှင့်အမျှ ဒေသခံယဉ်ကျေးမှု ပျက်သုဉ်းသွားလိမ့်မည် ဟု ပြောကြားသည်။ များစွာသော ရွာသားများမှာ ၎င်းတို့၏ ရိုးရာအိမ်များမှ မြစ်ကြောင်း၏ အောက်ဖက်နှင့် အထက်ဖက်ရှိ မြို့များသို့ ပြောင်းရွှေ့ပေးကြရမည် ဖြစ်သည်။ လီကူမြို့အနီးရှိ နေရာတစ်ခု ဖြစ်သော ရိုးရာလီဆူး ရေချိုးဆိပ်မှာလည်း ဖယ်ရှား ရှင်းလင်းခံရမည် ဖြစ်သည်။

          "တကယ်လို့ မြစ်ပေါ်မှာ ရေလှောင်တမံ ပိတ်မယ်ဆိုရင် သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ ရိုးရာ အစဉ်အလာတွေ ပျောက်ကွယ်သွားမှာ" ဟု ဝမ်က သတိပေးသည်။

          ယခု လုပ်ဆောင်နေသော ပြည်သူလူထု ကြားမြင်သိရှိရေး စီမံချက်ကြောင့် နူးမြစ်နှင့် အလားတူ ဒေသများကို ကာကွယ် စောင့်ရှောက်ရန် အစိုးရအပေါ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသတိ ရှိသော တရုတ် ပြည်သူများ၏ တောင်းဆိုမှုများ ပိုမို တိုးပွားလာမည်ဟု ရေလှောင်တမံ ဆန့်ကျင်ရေး အုပ်စုများက မျှော်လင့်နေသည်။

          China River Project ကို ပူးတွဲ တည်ထောင်သူ အမေရိကန်လူမျိုးများ ဖြစ်သည့် Travis Winn နှင့် MC Donald တို့သည် တရုတ်မြစ်ကြောင်း၏ အံ့ဖွယ်သဘာဝများကို ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ထားကြပြီး အရေးယူ ဆောင်ရွက်နိုင်သော အနေအထားရှိသည့် သြဇာကြီး တရုတ်သူဌေးများကို နူးမြစ်နှင့် အခြား မြစ်ကြောင်းများ၌ လှေလှော်၊ ဖောင်စီးခရီးစဉ်များ စီစဉ်ပေးလျက် ရှိသည်။

          "သဘာဝသိပ္ပံက အဲဒီမှာ ရှိတာပါ။ ရေလှောင်တမံတွေက ခံစားမှုတွေကို မပေးနိုင်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ဦးချင်းရဲ့ ရှုထောင့်တွေ မရှိဘဲနဲ့ သိပံ္ပပညာကလည်း အသုံးဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ဦးချင်း အဆက်အသွယ်တွေ ရအောင် ကျွန်မတို့ ကြိုးစားနေတာပါ" ဟု Winn က ဆိုသည်။ "အားလုံးရဲ့ တုန့်ပြန်မှုကတော့ အားရစရာပါပဲ။ အရင်က ဒီလိုအတွေ့အကြုံမျိုး မရှိခဲ့ဖူးဘူး။ တရုတ်ပြည် မှာ ဒီလောက်လှတဲ့ နေရာတွေ ရှိတာ မသိခဲ့ဘူး။ သူတို့ရဲ့ သဘာဝတွေကို အလေးထား ရမယ့် အချိန်ပါပဲ။" စသည့် မှတ်ချက်များ ပေးခဲ့ကြသည်ဟု Travis Winn နှင့် MC Donal တို့က ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment