Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့တွင် စစ်အစိုးရ ဝန်ကြီးတစ်ဦးနှင့် ရှားရှားပါးပါး တွေ့ဆုံခဲ့ကြောင်း အစိုးရထံမှ လာသော သတင်းတစ်ရပ်က ဆိုပါသည်။ ယခုတွေ့ဆုံမှုမှာ သူမအနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းသွားရေး အတွက် လုပ်ဆောင်ပေးရန် အဆိုပြုသည့် စာတစ်စောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပို့ပြီး တစ်ပတ်အကြာတွင် ဖြစ်ပါသည်။

သူမနှင့် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများ အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် လွန်ခဲ့သော နှစ်နှစ်က ခန့်ထားခဲ့သော အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခြင်းဖြစ်ပါသည်။

“တွေ့ဆုံမှုမှာ မိနစ်ငါးဆယ်ခန့်ကြာပြီး၊ မည်သည့် အကြောင်းအရာကို ဆွေးနွေးကြောင်း မသိပါ” ဟု အမည် မဖော်လိုသူ ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက Reuters သတင်းဌာနသို့ ပြောပါသည်။

ပြီးခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် အနောက် နိုင်ငံများနှင့် ညှိုနှိုင်းရေးကို အကူအညီပေးရန် စစ်အစိုးရအား တရားဝင် ကမ်းလှမ်းခဲ့ပါသည်။ ဝေဖန်သူများကမူ ထူးခြားလိမ့်မည် မဟုတ်ဟု ပြောကြပါသည်။ အမေရိကန်တို့ မြန်မာ အစိုးရ ကိုယ်စားလှယ်များနှင့် အင်္ဂါနေ့က နယူးယောက်တွင် တွေ့ဆုံရာတွင် ပိတ်ဆို့ အရေးယူခြင်းကို ရုတ်သိမ်း ပေးခြင်းမှာ အမှား ပြုလုပ်သည်နှင့် တူမည် ဖြစ်ကြောင်း အလေးထား ပြောကြား သွားခဲ့သည်။

စစ်အစိုရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ခြောက်ကြိမ် တွေ့ဆုံခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီလက နော်ကဆုံး တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

ယခု တွေ့ဆုံမှု မတိုင်မီ သောကြာနေ့က သူမ၏ ပြစ်ဒဏ်အပေါ် အယူခံ ဝင်ခဲ့ရာ တရားရုံးက ပယ်ချခြင်းကို ခံခဲ့ရသည်။ ဆိုလိုသည်မှာ လာမည့်နှစ် ရွေးကောက်ပွဲ ပြီးသည် အထိ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထားရှိလိမ့်မည်ဟု ယူဆရသည်။

NLD ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ ယခု တွေ့ဆုံခြင်းမှာ ပြီးခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သော စာနှင့် သက်ဆိုင်လိမ့်မည်ဟု ထင်ကြောင်း ပြောကြားသွားပါသည်။

“ဘာတွေ ဆွေးနွေးမည် ဆိုသည်ကို မိမိတို့ အတိအကျ မသိရသေးသော်လည်း၊ အဆိုပါ တွေ့ဆုံမှုကိုမူ ကြိုဆိုရလိမ့်မည်” ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

ဝေဖန်ကြသူများ၏ သုံးသပ်ချက်အရ သူမအား အမေရိကန် ရေကူးသမား ဝင်ရောက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခြင်းမှာ သူမအား လာမည့်နှစ် ရွေးကောက်ပွဲတွင် မပါဝင်စေပဲ စစ်အစိုးရ၏ အာဏာကို ခြိမ်းခြောက် လာမည့် အန္တရာယ်ကို ကြိုတင် ကာကွယ်ရန် အတွက် အကွက်ဆင်သည့် ဆင်လုံးသာ ဖြစ်လိမ့်မည်ဟု ပြောကြပါသည်။

0 comments:

Post a Comment