Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

တရားမဝင်ဖြတ်ကျော်သူ ထိုင်းများအား ဟွန်ဆန်ပစ်မိန့် ပေး

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) သည် ထိုင်းနိုင်ငံနှင့် အငြင်းပွားမှုဖြစ်နေသော နယ်ခြားဒေသအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသည့် ထိုင်းလူမျိုးများအား ပစ်မိန့်ကို ၎င်း၏တပ်ဖွဲ့ဝင်များကို ပေးထားကြောင်း တနင်္လာနေ့က ပြောကြားသည်။ ထိုင်းတို့၏ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုခြင်းကို ဒေါသကြီးစွာဖြင့် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းဆန္ဒပြသူများက (၁၁) ရာစု ပရီဗီဟာ (Preah Viheur) ဘုရားကျောင်းအနီးရှိ အငြင်းပွားနယ်မြေတွင် ဆန္ဒပြပြီး နောက်တစ်ပတ်တွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဒေသအတွင်း လွန်ခဲ့သည့်နှစ်က စတင်ခဲ့သည့် မပြေမလည်ဖြစ်မှုကြောင့် စစ်သား (၇) ဦး သေဆုံးခဲ့ပြီး ဖြစ်ပါသည်။
“သူတို့တပ် ဝင်လာလျှင် ပစ်ပါ”ဟု၎င်းအား သြဘာပေးနေသော အာဏာပိုင်များရှေ့တွင် လူသိရှင်ကြား ပြောကြားခဲ့သည်။ အရပ်သားဖြစ်စေ၊ စစ်တပ်ဖြစ်စေ၊ ကျူးကျော်သူရန်သူများကို တရားမဝင် ဝင်ရောက်ပါက ပစ်ရန် ပစ်မိန့်ပေးခဲ့သည်။
စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အမိန့်ကို နာခံရမည်။ ကျူးကျော်ဝင်ရောက်သူများကို အကာအရံများဖြင့် ကာကွယ်မည်မဟုတ်ဘဲ ကျည်ဆန်ဖြင့် ကာကွယ်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသည် ဝန်ကြီးဌာနရုံးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။ ထိုင်းနိုင်ငံမှ တောင်းဆိုထားသော Preah Vihear အနီးရှိ ၄.၆ စတုရန်းကီလိုမီတာရှိသည့် နယ်မြေကိစ္စကို ရှေ့လ အာဆီယံအစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ နယ်မြေပိုင်ဆိုင်မှုကို တစ်ဘက်အမြင်ဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း၊ အကယ်၍ ထိုင်းဝန်ကြီးချုပ်ကသာ တစ်ဖက်သက်ရေးဆွဲထားသော မြေပုံ ကျွန်ုပ်ရှေ့တွင် ရှိလျှင် ဆုတ်ဆွဲပစ်မည်ဖြစ်ကြောင်း ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံသည် စစ်ကို မလိုလားကြောင်း၊ သို့သော် မိမိပိုင်နက်အတွင်း ဝင်ရောက်နေသော ရန်သူများအား နှိမ်နင်းခွင့်ရှိကြောင်း ပြောကြားသည်။ ထိုင်းနိုင်ငံမှ ပြင်းထန်သော တုန့်ပြန်မှုများ ပြုလုပ်လာပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အဆိုပါကိစ္စကို တင်ပြမည်ဖြစ်ကြောင်း ပြောကြားသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ အဆိုပါဒေသအတွင်း အငြင်းပွားမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း လွန်ခဲ့သည့် ဇူလိုင်လက ဘုရားကျောင်းကို ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ် အမည်စာရင်းဝင်အဖြစ် ကြေညာပြီးနောက် မငြိမ်မသက်မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်း ဖြစ်ပါသည်။
ကမ္ဘာ့တရားရုံးမှ ၁၉၆၂ တွင် အဆိုပါဒေသကို ကမ္ဘောဒီးယားက ပိုင်ဆိုင်ကြောင်းဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း အဆိုပါရှေးဟောင်းဘုရားကျောင်း၏ အဝင်ကျောက်ဆစ်လှေကားနှင့် လက်ရာမြောက်ကျောက်ဆစ်နှင့် ပန်းပုတို့သည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းစစ်သားများက အဆိုပါဒေသတွင် ကင်းလှည့်မှုများပြုလုပ်နေကြပြီး လွန်ခဲ့သည့် ဧပြီလတွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် လူ ၃ ဦး သေဆုံးခဲ့ရသည်။ အဆိုပါဒေသရှိ နယ်ခြားစည်းမျဉ်းကို သတ်မှတ်ထားခဲ့ခြင်း မရှိခဲ့ဘဲ ယင်းနယ်မြေအတွင်း ကမ္ဘောဒီးယားစစ်ပွဲ အတွင်းက မြေမြှုပ်မိုင်းများသာ ကျန်ရှိနေပါသည်။

0 comments:

Post a Comment