Transparency Myanmar

transparency.myanmar@gmail.com

AFP 3 October 2009

မြန်မာနိုင်ငံအနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသော်လည်း လာမည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း စနေနေ့က မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ကတိပြု ပြောကြားသွားပါသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးမှာပါ။ ဒီအကြောင်းကိုလည် ထုတ်ပြန်ကြေငြာပြီးပါပြီ” ဟုနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကမ္ဘောဒီယားနိုင်ငံ Siem Reap တွင် ကျင်းပသော မဲခေါင်မြစ်ဝှမ်း ဖွံဖြိုးရေးစီမံကိန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဟုတ်မဟုတ်ကိုမူ ကျင်းပပြီးစီးသော အခါမှသာ အကဲဖြတ်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည့်၏ အယူခံတင်သွင်းမှုအပေါ် တိုင်းတရားရုံးမှ ပယ်ချခဲ့ပါသည်။

ယင်းကဲ့သို့ ပယ်ချခဲ့ခြင်းကြောင့် သူမသည် ၂၀၁၀ ရွေးကောက်ပွဲပြီးသည်အထိ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်နေထိုင်ရမည်ဖြစ်ရာ၊ သူမပါဝင်ခြင်း မရှိသော ရွေးကောက်ပွဲကို အများစုက ယုံကြည်မှု ကင်းမဲ့လိမ့်မည် ဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင် ကျင်းပသော မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အကူအညီပေးရေး အတွက် ဂျပန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီးတွင် ဦးဥာဏ်ဝင်းက အထက်ပါအတိုင်း ကတိပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Katsuya Okada က မြန်မာနိုင်ငံနှင့် ပက်သက်သော မေးခွန်းများကိုသာ ဆွေးနွေးခဲ့ကြောင်း ပြောကြားသွားပါသည်။

“ကျွန်တော်တို့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးစေလိုပြီး၊ နိုင်ငံရေးပါတီများ အားလုံးပါဝင်သော မြင်သာထင်သာရှိသော ရွေးကောက်ပွဲ၊ (transparent elections) ဖြစ်စေလိုပါတယ်” ဟုဂျပန်နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်များကို ပြောကြားသွားပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီကို ပြည်ပမှ လုပ်ဆောင်ပေး၍ မရနိုင်ကြောင်း အခြားဝန်ကြီးများသို့ ပြောကြားသွားပါသည်။

ဂျပန်အစိုးရ အဖွဲ့သစ်သည် မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းရှိ နိုင်ငံများနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Kazuo Kodama က ပြောကြားသွားပါသည်။

စနေနေ့က ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရှားရှားပါးပါး တွေ့ဆုံခဲ့ပါသည်။ သူမ၏ ရှေ့နေက အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဆွေးနွေးလိမ့်မည်ဟု ထင်ကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment