Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com
(Editorial, Bangkokpost) Oct 4, 2009

ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Pirmya က နယူးယောက်မှ မှတ်ချက်ပြုရာတွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အာစီယံအနေဖြင့် မြန်မာအစိုးရကို တိုက်တွန်းမည့်အစီအစဉ်အား ရပ်ဆိုင်းထားလိုက်ကြောင်း၊ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် ၎င်းတို့၏ မူဝါဒကို ပြန်လည်သုံးသပ်ပြီး၊ မြန်မာနိုင်ငံနှင့် ပိုမို၍ဆက်ဆံသွားရန်သဘောတူလိုက်ကြသောကြောင့် အာစီယံ အနေဖြင့် ပြန်လည်သုံးသပ်မှုပြုလုပ်ရန် အဆိုပါအစီအစဉ်ကို ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Mr.Kasit သည်ပြီးခဲ့သည့် အပတ်က နယူးယောက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်လျက်ရှိစဉ် အာဆီယံနိုင်ငံများမှ ၀န်ကြီးများကို ၎င်းတို့၏ နိုင်ငံအသီးသီးရှိ အတိုက်အခံများအား ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် မြန်မာအစိုးရထံ စာရေးတောင်းဆိုပေးရေးကို တိုက်တွန်းခဲ့သည်ဟု ဆိုပါသည်။

လက်ရှိထိုင်းအစိုးရသည် ယခင်ကတည်းက မြန်မာနိုင်ငံအပေါ်ပိုမို၍တွန်းအားပေး၍ ဆက်ဆံသော မူဝါဒကိုကျင့်သုံးခဲ့ရာ ယခု ကုလသမဂ္ဂတို့က မြန်မာအစိုးရနှင့်အဆက်အဆံပြုလုပ်ရေးကို ပြောလာကြသဖြင့် မိမိတို့ အနေဖြင့် မိမိတို့၏မူဝါဒကိုလည်း စွန့်လွှတ်လိမ့်မည်မဟုတ်ကြောင်း Mr.Kasit က ပြောကြားပါသည်။

ယခုလူသားချင်းကိုယ်ချင်းစာနာထောက်ထားမှု ခေါင်းစဉ်ကို ခဏမေ့ထား၍ အခြားပြောစရာများ ရှိနေပါသေးသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအခြေအနေ၏ ကြီးမားသောအကျိုး သက်ရောက်မှု ရိုက်ခတ်ခံရလျက်ရှိရာ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းရေး အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၊ လက်ရှိအစိုးရနှင့် ပဋိပက္ခဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွင်း ထိုင်းနိုင်ငံအနေဖြင့် ပြောဆိုတိုက်တွန်းကြိုးပမ်းခွင့် ရှိပြီး တာဝန်လည်းရှိသည်ဟု ယူဆ ပါသည်။

ယခုထိုင်းဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည် တစ်သိန်းခွဲထက်မနည်းရှိနေပြီး၊ မရေတွက်ရသေးသော လက်ရှိစစ်အစိုးရနှင့် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ပြဿနာများကြောင့် ထွက်ပြေးလာသူများလည်း ရှိပါသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က New York Times သတင်းစာပါ Thomus Fuller ၏ ဆောင်းပါးတွင် မြန်မာနိုင်ငံတွင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော လက်ရှိအကျိုးဆက်များကို ဖော်ပြထားပါသည်။ ထိုင်းအစိုးရ တာဝန်ရှိသူများ၏ ပြောကြားမှုများကို ကိုးကား၍ ထိုင်း-မြန်မာနယ်စပ်တလျှောက် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု အန္တရာယ်၏ အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်းနယ်စပ်တွင် နိုင်ငံရေးမငြိမ်သက်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါဆောင်းပါးတွင် နယ်စပ်ဒေသများရှိ လက်နက်ကိုင် တိုင်းရင်းသားများ သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှ ရရှိသည့်ဝင်ငွေဖြင့် မြန်မာစစ်တပ်၏ အချိန်မရွေး ၀င်ရောက် တိုက်ခိုက်နိုင်သည့် အန္တရာယ်မှ ကာကွယ်ရန်လက်နက်များကို ပိုမိုဝယ်ယူရကြောင်း ဖော်ပြထားပါသေးသည်။ ပြီးခဲ့သည့်လများအတွင်း ကရင်တိုင်းရင်းသားရွာများမှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် မြန်မာ စစ်တပ်နှင့် ကရင်တို့အကြား တိုးပွားလာသောတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ထွက်ပြေးလာကြသည်။ တိုင်းရင်းသားများနှင့် ပဋိပက္ခများအတွက် ထင်ရှားသောသာဓကနောက်တစ်ခုမှာ မကြာသေးခင်က ဖြစ်ပွားသော မြန်မာ-တရုတ်နယ်စပ်ရှိ ကိုးကန့်များနှင့်တိုက်ပွဲများကြောင့် ရွာသူရွာသားအများအပြား တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ခြင်းပင်ဖြစ်သည်။

ယခုနှစ်၏ ပထမဆယ်လပိုင်းအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဟီးရိုးအင်း၁၂၆၈ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး ယမန်နှစ်က ဖမ်းဆီးရမိသော ၅၇ကီလိုနှင့် နှိုင်းယှဉ်ကြည့်ကြရန် မူးယစ် ဆေးဝါး နှိမ်နင်းရေးအဖွဲ့ရုံးမှ သတင်းထုတ်ပြန်သည်။

အမေရိကန်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ အာဘော်အရ မူးယစ်ဆေးဝါးမှောင်ခိုကုန်သည် အများအပြားသည် ၎င်းတို့သိုလှောင်ထားသော မူးယစ်ဆေးဝါးများကို အရှုံးမပေါ်စေရန် ရောင်းထုတ် ပစ်ခဲ့ကြောင်း၊ ၎င်းတို့သည် ရေယာဉ်များဖြင့် ခိုးထုတ်ရန် ကြိုးစားခဲ့ကြပြီး အချို့လည်း အောင်မြင်သွားကြောင်း သိရှိရသည်။

ယခုလတ်တလောက သန်းပေါင်းများစွာသော မီသိုင်းအင်ဖက်တာမင်းဆေးပြားများကို ထိုင်းနိုင်ငံသို့ တင်ဆောင်ရာလမ်းကြောင်းဖြစ်သော မြန်မာနယ်စပ်တာချီလိတ်တွင် ဖမ်းဆီးရမိခဲ့သည်။ ယမန်နှစ်က ဖမ်းဆီး ရမိမှုမှာ ယခုလောက်မများကြောင်း မူးယစ်ဆေးနှင့်မှုခင်းများဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ရုံးမှ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံနှင့် စေ့စပ်ဆွေးနွေးပွဲတွင် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ရှေ့တန်းမှ ပါဝင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးမှာ အဓိကကျပြီး အဘယ့်ကြောင့် ပူးပေါင်းပါဝင်သင့်ပါသနည်းဟူသောအချက်တွင် အကြောင်းရင်းပေါင်းများစွာ ရှိနေပါသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံတို့သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဆောက်အဦးတွင် ယခင်အပတ် အင်္ဂါနေ့က စတင်တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုများကို ချက်ခြင်းရုတ်သိမ်း ပေးရန် မဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ်ဆက်လက်ထားရှိရန် ဆုံးဖြတ်ချက်အား အယူခံဝင်မှုကို တရားရုံးက ပယ်ချခဲ့သည်။ သို့ရာတွင် အံ့အားသင့်စရာကောင်းသည်မှာ ယမန်နေ့က သူမနှင့်အစိုးရဆက်ဆံရေးဝန်ကြီး ဦူးအောင်ကြည်တို့ တွေ့ဆုံခဲ့ ကြခြင်းဖြစ်သည်။ အသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်း ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လိုသော သူမ၏သဘောထားကို ဖော်ပြထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သောစာနှင့် ပတ်သက်မည်ဟု ယူဆရသည်။ ရုတ်တရက်ပြောင်းလဲတိုးတက်မှုများကို မမျှော်မှန်းနိုင်သော်လည်း စေ့စပ်ဆွေးနွေးမည့် နိုင်ငံတကာ၏မူဝါဒသစ်သည် မှန်ကန်သောလမ်းကြောင်းပေါ်သို့ အလားအလာရှိသော ခြေတလှမ်းလှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်း၏အင်အားပြည့် နိုင်ငံရေးနှင့် စီးပွားရေးစွမ်းအားများကို ယူဆောင်၍ စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းတွင် ပါဝင်သင့်ကြောင်း တင်ပြ လိုက်ရပါသည်။

0 comments:

Post a Comment