Transparency Myanmar

transparency.myanmar@gmail.com

          လွန်ခဲ့သော ဆယ်စု၏နှစ်အတွင်း ကျင်းပသော အာဆီယံညီလာခံတိုင်းတွင် မြန်မာနိုင်ငံ ကိစ္စက­သာ လွှမ်းမိုးခဲ့ပါသည်။ မြန်မာအရေး ဆွေးနွေးမှုများကို ညီလာခံအဝန်းအဝိုင်းနှင့် လျှို့ဝှက်ဆွေး နွေးပွဲများတွင် ပြုလုပ်နေကြသလို ယခုနှစ် ဟနွိုင်းညီလာခံတွင်လည်း ကွဲပြားခြားနားခြင်းမရှိပါ။ တစ်ခု တည်းသော ခြွင်းချက်မှာ ညီလာခံအပြီး ထုတ်ပြန်သော အာဆီယံဥက္ကဌ၏ ကြေညာချက်ဖြစ်ပြီး မြန်မာ နိုင်ငံသည် ဘေးမသီရန်မခပဲ လွှတ်မြောက်လာသည့်ပုံရပါသည်။

          သို့သော်လည်း လာမည့်နှစ် အာဆီယံဥက္ကဌ တာဝန်ယူရန် အလှည့်ကျသည့် မြန်မာနိုင်ငံ၏ မျှော်လင့်ချက်များမှာမူ လုံးဝပျက်စီးသွားပြီဖြစ်သည်။

          အမှန်စင်စစ်မှာ မြန်မာနိုင်ငံအား အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံထံမှ ခွာထုတ်ရန် စည်းရုံးရေးမျှော်လင့်ချက်ဖြင့် စစ်ဖက်အစိုးရထံမှ အခွင့်အရေးယူရန်ကြိုးစားနေသော အိမ်ရှင် ဗီယက် နမ်မှ လွဲလျှင် ကျန်အရှေ့တောင်အာရှခေါင်းဆောင်အားလုံးက ကန့်လန့်ကာနောက်ကွယ်တွင် မြန်မာ နိုင်ငံကို တရစပ်ဝေဖန်ဖြစ်တင် ထိုးနှက်ခဲ့ကြခြင်းဖြစ်ပါသည်။ သို့ရာတွင် အစည်းအဝေး၏ အများစုထင် မြင်ချက်မှာ ဒေသတွင်း ထောက်ခံရပ်တည်ပေးနေသော အာဆီယံနိုင်ငံများကို ယုံယုံကြည်ကြည်ဖွင့် ဟရန် ပျက်ကွက်ခြင်းနှင့် ပွင့်လင်းမှုမရှိခြင်းစသော မြန်မာနိုင်ငံ၏ မိုက်မဲမှုများအပေါ် အာဆီယံ နိုင်ငံ များက စိတ်ပျက်ပြီးငြီးငွေ့လာကြခြင်းပင်ဖြစ်သည်။

          ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရှိမြမှ သိသိသာသာစိတ်တိုနေပုံရပြီး "ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာတွေနဲ့ စကားပြောခဲ့ပါသလား"၎င်းအားမေးသော မေးခွန်းကို စိတ်မရှည်စွာဖြင့် "ကျုပ်သူတို့ကို တစ်ချိန်လုံးပြောနေတာပဲဗျာ"ဟု တိုတိုပြတ်ပြတ်ဖြေကာ လှေကားတစ်လျှောက် လျှင် မြန်မာစွာဆင်း၍ပျောက်ကွယ်သွားပါသည်။

          အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်မှာလည်း မြန်မာအာဏာပိုင်များ အပေါ် အလွန်ပင် စိတ်အနှောက်အယှက်ဖြစ်နေပုံရပြီး သတင်းထောက်များမေးသည့် မေးခွန်းကိုပင် စိတ်ပျက် လက်ပျက်ဖြေကြားခဲ့ပါသည်။ "အင်း၊ မြန်မာနိုင်ငံကိစ္စကတော့ဗျာ၊ ကျွန်တော်တို့ စိတ်ရှည်သီးခံဖို့ပဲရှိ ပါတယ်" ဟု ၎င်းကဆိုပါသည်။

          အာဆီယံခေါင်းဆောင်များတွင် မြန်မာနိုင်ငံအပေါ် စိတ်ပျက်ငြီးငွေ့ရန် လုံလောက်သော အကြောင်းပြချက်များ ရှိနေကြသည်။ ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ လုံးဝမသိရသည့် အခြေအနေပင်ဖြစ်ပါသည်။ "မြန်မာအာဏာပိုင်တွေ အားလုံးပြောနေတာက ရွေး ကောက်ပွဲကို ဒီနှစ်ကျင်းပမှာပါ။ ရွေးကောက်ပွဲဥပဒေလည်း ထုတ်ပြန်ပြီးပါပြီ၊ နိုင်ငံရေးပါတီတွေလည်း မှတ်ပုံတင်နေကြပါတယ်။ ဒါတွေပါပဲဗျာ"ဟု ဆူရန်ပစ်ဆူဝမ်က စိတ်ပျက်လက်ပျက်ပြောကြားခဲ့သည်။

          တစ်နှစ်ကျော်ကာလအတွင်း မြန်မာအစိုးရက အာဆီယံ မဟာမိတ်များအပေါ် များများစားစား အသိပေးမှုမှာ ဤမျှသာဖြစ်သည်။ မြန်မာအစိုးရ၏ ခေါင်းမာမှုကြောင့် အာဆီယံခေါင်းဆောင်များ၏ စိတ်ပျက်လက်ပျက်ဖြစ်မှုများ ကြီးထွားလာခြင်းမှာ မထူးဆန်းလှပါ။ သို့သော်လည်း အာဆီယံသည် ဤ အမှန်တရားအတွင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပါ။ ယခုနှစ်ကုန်ပြုလုပ်မည့် ရွေးကောက်ပွဲများ သည် မြန်မာအစိုးရအတွက် သာမကဘဲ အာဆီယံအဖွဲ့ကြီးတစ်ခုလုံး၏ ဂုဏ်သိက္ခာအတွက်ပါ စမ်းသပ် မှုတစ်ခု ဖြစ်နေပါသည်။ ဤအချက်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကလည်း ဝန်ခံသွားခဲ့ပြီးဖြစ်သည်။

          "ကျွန်တော်တို့က အာဆီယံကို ရှေ့တစ်လှမ်းတိုးပြီး တခြားအဖွဲ့အစည်းတွေ၊ နိုင်ငံတွေနဲ့ ညှိနှိုင်းဆက်ဆံဖို့ ကြိုးစားနေတဲ့အချိန်မှာ မြန်မာနိုင်ငံကိစ္စက ပြဿနာပေးနေတုန်းပါပဲ"ဟု ဟနွိုင်း ညီလာခံအဝန်းအဝိုင်းတွင် ကာဆစ်ပီရိုမြက သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ဒီကိစ္စဟာ ကျွန်တော်တို့အတွက် အဓိကအကန့်အသတ်တစ်ခု ဖြစ်နေပါတယ် ဟု ၎င်းက ဆိုပါသည်။

          ယခင်မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကမူ ပို၍ပင်ရှင်းလင်းပြတ်သားပါသည်။ "တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးပဲ စစ်ဗိုလ်ချုပ်တွေရဲ့ အစီအစဉ်အတိုင်း ရွေး ကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင် အာဆီယံအဖွဲ့ကို အရမ်းအနှောက်အယှက်ဖြစ်စေပါလိမ့်မယ်"ဟု Razali Ismali က လတ်တလော ပြောကြားခဲ့ပါသည်။

          အာဆီယံခေါင်းဆောင်များနှင့် သံတမန်များသည် အဆိုပါအနေအထားကို ရဲရင့်စွာ ရင်ဆိုင် ဖြေရှင်းရန် ကြိုးစားနေကြဆဲပင်ဖြစ်ပါသည်။ "ကျွန်တော်တို့ တတ်နိုင်သလောက်လုပ်နေပါတယ်။ အင် ဒိုနီးရှားဟာ မြန်မာနိုင်ငံကိစ္စကို အရမ်းအလေးထားပြီး၊ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုပါပဲ"ဟု အင်ဒိုနီး ရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝပ်က ဟနွိုင်းညီလာခံတွင် ပြောကြားခဲ့သည်။

          ဒါပေမဲ့ တိတ်တဆိတ် ဆက်သွယ်ဆောင်ရွက်တာဟာ ပိုကောင်းတယ်လို့ ကျွန်တော်တို့ယူဆ ထားပါတယ်။ တကယ်လို့ ဖိအားဝင်နေတဲ့ပုံရတဲ့ သူတွေ မပါဘူးဆိုရင် ကျွန်တော်တို့အနဲ့ သီးသန့်ထိ ထိရောက်ရောက် ဖိအားပေးဆောင်ရွက်နိုင်မှာပါဟု ၎င်းက ဆက်လက်ပြောဆိုသည်။

          ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန်လက်ထက်တွင် မြန်မာနိုင်ငံကို အထီးကျန်ဘဝမှ ဆွဲထုတ်၍ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်စေရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကမ်သီရာ ထိုင်း ကြိုးစားခဲ့စဉ်က ထိုင်းနိုင်ငံ၏ ပေါ်ပေါ်ထင်ထင် ဝေဖန်ဆက်ဆံရေးကို မြန်မာအစိုးရက ကန့်ကွက်ခဲ့ဖူးပါသည်။ ဝန်ကြီးချုပ်တာဝန် ပူးတွဲယူထားသော စစ်ထောက်လှမ်းရေး အကြီးအကဲကို ၂၀၀၄ အောက်တိုဘာတွင် ဖယ်ရှားခဲ့ပြီးချိန်မှစ၍ု စစ်ဖက်အစိုးရသည် နိုင်ငံရေးကိစ္စကို အာဆီယံ မဟာမိတ်များနှင့်ပင် ပွင့်ပွင့်လင်းလင်း မဆွေးနွေးလိုကြောင်း အထင်အရှားပြသခဲ့ပါသည်။

          သို့ရာတွင် အာဆီယံဒေသတွင်း နိုင်ငံအများစု၊ အထူးသဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့က မြန်မာအစိုးရအား ဖိအားပေးရန် ရည်ရွယ်ထားကြပါသည်။ မြန်မာအစိုးရအား လူသိရှင်ကြား အဆက်မပြတ် ကာကွယ်ပေးခဲ့သော ဒေသတွင်းအဖွဲ့ကြီးအား အတုအယောင်ရွေး ကောက်ပွဲဖြင့် အနှောက်အယှက်ပေးရန် အနည်းဆုံး တစ်ဦးချင်းဆွေးနွေးရန် ဆန္ဒရှိနေကြပါသည်။

          နိုင်ငံတကာက လက်ခံနိုင်မယ့် ရွေးကောက်ပွဲတွေ ကျင်းပပါမယ်လို့ သူတို့ပေးထားတဲ့ ကတိ ကို စောင့်ထိန်းဖို့ ကျွန်တော်တို့မြန်မာအစိုးရကို ဆက်တိုက်သတိပေးသွားမှာပါဟု မစ္စတာ နာတာလီ ဂါဝမ်ကပြောဆိုခဲ့ပါသည်။

          အဓိကဆွေးနွေးပွဲများတွင် အာဆီယံခေါင်းဆောင်များက မြန်မာအစိုးရကို ဒီမိုကရေစီလမ်း ညွှန်မြေပုံအား လိုက်နာထိန်းသိမ်းရန် တိုက်တွန်းခဲ့ကြသည်ဟု ဆူရင်ပစ်ဆူဝမ်က ညီလာခံအပြီးတွင် ပြောကြားခဲ့သည်။ "လာမယ့် ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်ပေါင်းစည်းမှုရရှိမဲ့ နည်းလမ်းကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ပြီးတော့ အကူအညီတွေ အထောက်အပံ့တွေ ပေးဖို့လည်း ကျွန်တော်တို့အဆင်သင့်ပါပဲ"ဟု ၎င်းကပြောဆိုခဲ့ပါသည်။

          ရွေးကော်ပွဲကျင်းပရန် တာဆူနေသော ကာလတွင် အာဆီယံကုလသမဂ္ဂတို့နှင့် ညှိနှိုင်းဆွေး နွေးရန် အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံကို တိုက်တွန်းထားပါသည်။ ရွေးကောက်ပွဲများကို စောင့်ကြည့်စစ်ဆေးမည့်လေ့လာစောင့်ကြည့်သူများ၊ အကဲခတ်များကို ခွင့်ပြုရန် ဖြစ်နိုင်ချေမှာလည်း ခက်ခဲသော ပြဿနာတစ်ရပ်ဖြစ်နေပြီး အဆိုပါအကြံဥာဏ်ကို မြန်မာအစိုးရက ယခတိုင်ရှောင်ရှား နေဆဲဖြစ်သည်။

          မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများသည် ဒေသတွင်းအဖွဲ့အစည်း အာဆီယံ၏ ဂုဏ်သိက္ခာ အတွက် စမ်းသပ်မှုတစ်ခုဖြစ်လာမည်ကို အာဆီယံခေါင်းဆောင်များက နားလည်ထားသလို ၎င်းတို့ အနေဖြင့် မြန်မာအစိုးရအပေါ် အနည်းဆိုရုံမျှသာ လွှမ်းမိုးနိုင်မည်ကိုလည်း ကောင်းစွာသဘောပေါက် ထားကြပါသည်။ "လာမယ့်လတွေကတော့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကာလတွေဖြစ်လာပါ လိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံး ဘာဖြစ်မလဲဆိုတာကို မြန်မာပြည်သူတွေဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့ က အပြင်လူပါ။ အမြန်ဆုံးတိုးတက်ပြောင်းလဲအောင် လုပ်နိုင်ကြမယ်လို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို အရေးယူနိုင်တဲ့ အနေအထားမှာမရှိပါဘူး။ တရုတ်နဲ့ အိန္ဒိယက မြန်မာ ကို ဆက်ပြီး ညှိနှိုင်းဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့လည်း ဆွေးနွေးရုံပဲပေါ့"ဟု စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး George Yeo က ညီလာခံတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

          ယခုနှစ်ရွေးကောက်ပွဲများအပြီး ပေါ်ပေါက်လာမည့် အရပ်ဖက်အစိုးရသစ်ကို စတင်မိတ်ဆက် ရာတွင် အထောက်အကူရရန်အတွက် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူခွင့်ရရန် မြန်မာအစိုးရ၏ အပြင်းအထန်တောင်းဆိုမှုကို မထိုက်တန်ဟုဆုံးဖြတ်ခဲ့သည့် ညီလာခံအတွင်း အာဆီ ယံအဖွဲ့က မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ထံ တင်းမာသော အသိပေးလွှာကို ပေးပို့ခဲ့ပါသည်။ လွန်ခဲ့သော ၄ နှစ်၊ ပြင်းထန်သော နိုင်ငံတကာဖိအားများ ကျရောက်နေချိန်က အလှည့်ကျသည့် အဆိုပါဥက္ကဌတာဝန်ကို မြန်မာနိုင်ငံကငြင်းပယ်ခဲ့ပါသည်။

          ဤအစား အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့ကို လာမည့် ၃ နှစ် တာဝန်ယူမည့် နိုင်ငံများအဖြစ် အတည်ပြုခဲ့ကြပါသည်။ ထိုနောက်မှသာ မြန်မာနိုင်ငံကို စဉ်းစားမည်ဟု အမည်မဖော် လိုသူ ဝါရင့်အာဆီယံသံတမန်တစ်ဦးက ပြောကြားပါသည်။ "ကျွန်တော်တို့ရဲ့ စိတ်အနှောက်အယှက် ဖြစ်မှုကို ပြသနိုင်တာ ဒီတစ်နည်းပဲရှီပါတယ်။ နောက်ပြီးတော့ ၂၀၀၄ မှာအာဆီယံဥက္ကဌ နေရာကို သူတို့အလိုအလျှောက်ရဖို့ သေချာတယ်လို့လည်း မပြောနိုင်သေးပါဘူး"ဟု ၎င်းကပြောကြားပါသည်။

          သို့ဖြစ်၍ မြန်မာအစိုးရ၏ ပွင့်လင်းမှုမရှိခြင်း၊ ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒမရှိခြင်းတို့ အပေါ် အာဆီယံခေါင်းဆောင်များက စိတ်ပျက်လက်ပျက်ဖြစ်နေသည့် လက္ခဏာများ ပြသခဲ့ကြသော် လည်း နောက်ဆုံးတွင်မူ မည်သည့်ကိစ္စပင်ဖြစ်လာပါစေ။ ရွေးကောက်ပွဲကို ထောက်ခံရန် ဖိအားဝင် လာမည်သာဖြစ်သည်။ "တကယ်လို့ ရွေးကောက်ပွဲက စက်ဆုပ်ရွံရှာဖွယ်မဟုတ်ဘူးဆိုရင် အာဆီယံ အတွက်တော့ လက်ခံနိုင်ပါလိမ့်မယ်"ဟု ဒေါက်တာဆူရင်ပစ်ဆူဝမ်ကပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လက်ရှိ အနေအထားကိုကြည့်ရသည်မှာ မြန်မာစစ်အစိုးရသည် အတိုက်အခံများ၏ တောင်းဆိုမှုများ၊ ပြစ်တင်ဝေဖန်မှုများနှင့် မည်သည့် သဘောထားကိုမျှ နားမထောင်ဘဲ သူစီစဉ် ရေးဆွဲထားသည့် အတိုင်း ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုသာ အာရုံအပြည့်အဝ ထားနေပုံရသည်။

ဤသို့သော အခြေအနေမျိုးတွင် ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama အနေဖြင့် အလဟသ ထိုင်နေချိန် ရှိမည်မဟုတ်ပေ။

မြန်မာနိုင်ငံ ဒီမိုကရေစီရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည့်တိုင် အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဒီမိုကရေစီ လှုပ်ရှားမှုကို အဓိကဦးဆောင်သူ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခွင့် မရခြင်းသည် NLD ရွေးကောက်ပွဲကို သပိတ်မှောက်ရသည့် အဓိက အကြောင်းအရင်း ဖြစ်လေသည်။

NLD က ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအတိုင်း ရွေးကောက်ပွဲသို့ မဝင်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် စစ်အစိုးရကသာ NLD အား ယင်းအနေအထားထဲသို့ ရောက်အောင် တွန်းပို့ခဲ့ခြင်းသာဖြစ်သည်။ စစ်အစိုးရက နိုင်ငံခြားသားများနှင့် အိမ်ထောင်ပြုဖူးသူများ နှင့် ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူများ အနေဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်ခွင့် မရရှိအောင် တားမြစ်ပိတ်ပင်ထားသည်။

ထို့ကြောင့် အကယ်၍ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မည် ဆိုလျှင်သော်မှ သူမရွေးကောက်ပွဲဝင်မည့် ကိစ္စမှာ ဖြစ်နိုင်ခြေမရှိပေ။ NLD ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် စစ်အစိုးရအလိုရှိသော အရာပင်ဖြစ်မည်။ စစ်အစိုးရက မေလအစောပိုင်းလောက်မှစပြီး ၎င်းကိုလိုလားသော နိုင်ငံရေးပါတီများကို ဖွဲ့စည်းစေလိုဟန်ရှိသည်။

မေလဆန်းပိုင်းသည် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ် ကာလဖြစ်သည်။ ဆိုခဲ့ပါ အနေအထားမျိုးကို ကြည့်လျှင် အောက်တိုဘာလတွင် ကျင်းပမည်ဟု သတင်းထွက်နေသည့် ရွေးကောက်ပွဲတွင် စစ်အစိုးရသာ အလွယ်တကူ အနိုင် ရရှိသွားမည် ဖြစ်သည်။ မှန်ပါသည်။

ဤအတိုင်းသာဆိုလျှင် စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲသည် ရယ်စရာကောင်းသော ဟာသဇာတ်လမ်း တစ်ခုထက်ပို၍ ဘာမျှဖြစ်လာမည် မဟုတ်ပေ။ အကယ်၍ ရွေးကောက်ပွဲတွင် NLD လည်းပါဝင်ပြီး လွတ်လပ်မျှတစွာ ကျင်းပဖြစ်ခဲ့ပါက မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် အာဏာရှင်ဆန့်ကျင်မှု တော်လှန်ရေးများ ဖြစ်ပေါ်လာမည်ဟူသော အချက်ကို စစ်အစိုးရက ကြောက်လန့်လျက်ရှိသည်။ အမှန်တွင် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်သည် မိမိမည်သို့မည်ပုံ အာဏာလက်မဲ့ဖြစ်နေသည် ဟူသော သဘောမျိုးဖြစ်နေမည်ကို ကြောက်နေခြင်း ဖြစ်သည်။

မြန်မာရွေးကောက်ပွဲအကြောင်း '၁' မှစပြောမည်ဆိုပါက ရွေးကောက်ပွဲ ဥပဒေမှ စရမည်။  စစ်အစိုးရက ထုတ်ပြန်သော အထွေထွေ ရွေးကောက်ပွဲဥပဒေသည် အပြစ်အနာ အဆာများ နှင့်ပြည့်နှက်နေသည်။

ဥပဒေပြု လွှတ်တော်နှစ်ရပ်တွင် အမတ်နေရာအားလုံး၏ လေးပုံတစ်ပုံစီကို စစ်ဘက်မှ ပုဂ္ဂိုလ်များက ရယူမည်ဖြစ်သည်။ ဥပဒေပြုလွှတ်တော်မှ ရွေးချယ်တင်မြှောက်မည့် သမ္မတမှာလည်း စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်ဖြစ်ရမည်ဟု ဆို၏။

အကယ်၍သာ စစ်အစိုးရက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လိုလားသည် ဆိုပါက သူ့အနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံကာ ဒိုင်ယာလော့ခ် ပြုလုပ်သင့်ပေသည်။

NLD ကိုလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်အောင် လမ်းဖွင့်ပေးသင့်သည်။ ယခုဆိုလျှင် NLD သည် ပါတီဖျက်သိမ်းခံရတော့မည့် ကိစ္စမျိုးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ NLD အနေဖြင့် အနာဂတ်အတွက် မဟာဗျူဟာများ ချမှတ်နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်မိတာ အမှန်ပါ။

ထို့ကြောင့် ယခုလိုအနေအထားမျိုးတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားပေးမှုသည် အလွန်အမင်း အရေးကြီး နေပေသည်။ စစ်အေးခေတ်ကာလတုန်းက အနောက်နိုင်ငံကြီးများသည် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သော အစိုးရဆိုပါက အာဏာရှင်အစိုးရ ဖြစ်လင့်ကစား ထောက်ပံ့ ပေးခဲ့သည် ချည်းသာပင်ဖြစ်ခဲ့သည်။ ယခုအချိန်ကာလတွင်မူ အဆိုပါ အရှေ့-- အနောက်ဟူသော အိုင်ဒီရော်လော်ဂျီမှာ ကွယ်ပျောက်သွားပြီဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အာဏာရှင် အစိုးရ၏ ကျိုးကြောင်းဆက်စပ်မှုမရှိသော အပြုအမူများကို မသိကျိုးနွံပြုမနေသင့်တော့ပေ။

လက်ရှိအချိန်အထိ မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေသူ နိုင်ငံကြီးများ ရှိနေသေးသည်။ ဥပမာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်သည်။ တရုတ်သည် မြန်မာပြည်အရေးနှင့် ပတ်သက်လာလျှင် များစွာ တာဝန်မကင်းသူ ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ပေါများလှသော သဘာဝဓာတ်ငွေ့များကို ရယူလိုသော စိတ်ဆန္ဒများ ပြင်းပြလှသည့် အားလျော်စွာ စစ်အစိုးရကို ဆက်တိုက်ဆိုသလို ကျောထောက်နောက်ခံပြုလာသည်။

အကယ်၍ တရုတ်နိုင်ငံသာ ကမ္ဘာပေါ်တွင် သြဇာကြီးမားသော စီးပွားရေးပါဝါတစ်ခုအဖြစ် ရပ်တည်လိုလျှင် (သို့မဟုတ်) နိုင်ငံရေးအရ သြဇာကြီးမားလိုလျှင် သူ့အနေဖြင့် မြန်မာစစ်အစိုးရကို အာဏာသက်ဆိုးရှည်အောင် အကူအညီမပေးသင့်ပေ။

သမ္မတ Hatoyama ၏ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီဦးဆောင်သော ဂျပန်အစိုးရကလည်း မြန်မာ စစ်အစိုးရအနေဖြင့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် တောင်းဆိုထားသည်။ သို့ရာတွင် ရွေးကောက်ပွဲ၏ ရလဒ်ကို အာရုံစိုက်ခြင်းမရှိပေ။ မစ္စတာ Hatoyama အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ယခုထက်ပို၍ ပြင်းထန်သော ဆောင်ရွက်ချက်များကို ပြုလုပ်ပေးရန် လိုအပ်သည်။

ဥပမာ တရုတ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများနှင့် မြန်မာ့ရေးရာ ဆွေးနွေးမှုများ တိုးမြှင့်လုပ်ကိုင်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Katsuya Okada ကို စေလွှတ်ခြင်း စသည်တို့ဖြစ်သည်။

ဆိုပါက မြန်မာစစ်အစိုးရ၏ အတုအယောင် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအား ဒီမိုကရေစီစနစ်နှင့် ဝေးသည်ထက် ဝေးအောင်သာ လုပ်ဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသား သန်း ၅၀ ၏ လွတ်လပ်မှုကို စစ်အစိုးရက ဖျက်ဆီးပယ်ဖျောက် ပစ်ခဲ့ပြီဖြစ်ရာ ရွေးကောက်ပွဲရလဒ် ဟူသည်လည်း လွန်စွာ ဆိုးရွားလိမ့်မည်သာ ဖြစ်သည်။

ဂျပန်သတင်းစာ The Asahi Shimbun ၏ ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The First Post, By Tim Edwards , 15 April 2010

          ယခုအပတ်ပြုလုပ်သော Barack Obama ၏ နျူကလီးယား လုံခြုံရေးထိပ်သီးအစည်းအဝေး သည် အမှန်တကယ်မဖြစ်ခဲ့သေးလျှင်တောင် အကြမ်းဖက်သမားများ နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်ခဲ့ပါသည်။ အမေရိကန်သမ္မတသည် အီရန်၊ မြောက်ကိုရီးယား နှင့် မြန်မာပြည်ကို မျက်စိတောက်ထောက်ကြည့်နေပါသည်။

          အဆိုပါအစည်းအဝေးသို့ အပစ်ပယ်ခံ နိုင်ငံများကို ဖိတ်ကြားခြင်းမရှိပေ။ ယခုအခါ စစ်ရေးရည် ရွယ်ချက်အတွက် နျူကလီယာ သုတေသနပြုမှုများ ပြုလုပ်နေသည်ဟု သံသယရှိနေသော အီရန် အပေါ် အရေးယူရေးနှင့်ပတ်သက်၍ အခြေအတင် ပြောခဲ့ကြပါသည်။ မြန်မာစစ်အစိုးရသည်လည်း နျူ ကလီယာ လက်နက်အစီအစဉ်အတွက် သက်သေအထောက်အထားများ တိုးတက်ထွက်ပေါ်လာ လျက်ရှိပါသည်။

          အကြီးတန်း အမေရိကန် သံတမန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ The Daily Beast က ယမန်နေ့က ပြောကြားရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားကို ဥပမာပြု၍ နောက်ကလိုက်လုပ် နေသည်ဟုဆိုပါသည်။ International Atomic Energy Agency (IAEA) ၏ အဆိုအရ မြောက်ကိုရီးယားသည် ၂၀၀၉ ခုနှစ်တွင် နျူကလီယာ ပါဝါဖြစ်လာကြောင်း ဆိုပါသည်။ မြန်မာနိုင်ငံသည် အာရှတွင် အနုမြူလက်နက်ဖြင့် ဒုတိယမြောက် တကိုယ်တော် မင်းတရားနိုင်ငံ ဖြစ်လာနိုင်ပြီး၊ ပြင်ပ၏ ခြိမ်းခြောက်မှုများကို မမှုသော နိုင်ငံဖြစ်လာနိုင်သည်ဟု ဆိုပါသည်။

          သတင်းတစ်ရပ်က ပြောကြားရာတွင် မိမိတို့အတွက် ကံမကောင်းသော အချက်တစ်ခုမှာ မြန်မာနိုင်ငံသည် ပြုံးယမ်းက ရောင်းချသည့် ပစ္စည်းများကို ဝယ်ယူရန် ငွေမာများ ရှိနေခြင်း ဖြစ်ကြောင်း၊ ပတ္တမြားများက အနုမြူဗုံး ဖြစ်လာနိုင်ကြောင်း ဆိုပါသည်။

          မြန်မာနိုင်ငံသည် ၎င်း၏ ပတ္တမြားကြောင့် ကျော်ကြားခဲ့သော်လည်း ယခုအခါ ယူရေနီယံတွင်း များပါ ရှိနေပြီဖြစ်ပါသည်။ အဆိုပါယူရေနီယံကို နျူကလီးယာဓာတ်ပေါင်းဖို(သို့မဟုတ်)နျူကလီယာ လက်နက်တွင် အသုံးပြုနိုင်ရန်မူ၊ သန့်စင်သည့် လုပ်ငန်းစဉ်များလိုအပ်ပါသည်။

          မြန်မာနိုင်ငံသည် ယခင်က ၎င်း၏အရပ်ဖက်သုံး နျူကလီယာ ရည်ရွယ်ချက်များအတွက်  လျှို့ဝှက်ထားခြင်း မရှိခဲ့ပေ။ မြန်မာအစိုးရသည် ၂၀၀၇ ခုနှစ်က ၁၀မဂ္ဂါဝပ် နျူကလီးယားဓာတ်ပေါင်းဖို ဆောက်လုပ်ရန် ရုရှားနှင့် စာချုပ်တစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး၊ ပညာရှင်များ လေ့ကျင့်ပေးခဲ့ပါသည်။ သို့သော် ရုရှားနျူကလီးယားစွမ်းအင်အေဂျင်စီ Rosatom က AP သတင်းဌာနသို့ ယမန်နှစ်က ပြော ကြားရာတွင် ၎င်းတို့သည် မြန်မာအစိုးရနှင့် အဆိုပါစာချုပ်ချုပ်ဆိုပြီးကတည်းက မည်သည့်လှုပ်ရှားမှု မရှိတော့ ကြောင်းဆိုပါသည်။

          နျူကလီးယားမပြန့်ပွားရေး စာချုပ်ချုပ်ဆိုထားမှုကြောင့် ရုရှားသည်အရပ်သုံးအတွက်သာ နျူကလီးယားနည်းပညာကိုပေးရန်လိုလားခဲ့ရာ၊ အဆောက်အဦးများဆောက်လုပ်ရေးကြန့်ကြာခဲ့ပြီး၊ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများရှိခဲ့ကြောင်း စွပ်စွဲမှုများထွက်ပေါ်လာခဲ့ပါသည်။

          ယူရေနီယမ် သန့်စင်စက်ရုံများ တည်ဆောက်နေသည့် အထောက်အထားများမှာ အတိအကျ ဖြစ်နိုင်သည်ဟု မပြောနိုင်သော်လည်း အမြောက်အများ ထွက်ပေါ်လာပါသည်။ ပြီးခဲ့သည့်နှစ် ဇွန်လက ဂျပန်ရဲတပ်ဖွဲ့သည် မြောက်ကိုရီးတစ်ဦးနှင့် ဂျပန်လုပ်ငန်းရှင်နှစ်ဦးအား မြန်မာနိုင်ငံသို့ Magneto meter များတင်ပို့ကြောင်း သံသယရှိမှုကြောင့် ဖမ်းဆီးခဲ့ပါသည်။ အဆိုပါ ကရိယာများမှာ ရှေးဟောင်း သုတေသနကဲ့သို့သော် လုပ်ငန်းများတွင် အရပ်သားသုံးအဖြစ် သုံးဆွဲနိုင်ပြီး၊ အဆိုပါကိရိယာအသေး စားများကို iPhone များတွင် အသုံးပြုပါည်။ သို့သော် အဆိုပါကိရိယာသည် ယူရေနီယမ်သန့်စင်သည့် လုပ်ငန်းစဉ်တွင် ဓာတ်ငွေ့ဖြို့ခွဲသည့် ကိရိယာအဖြစ် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

          ထိုလတွင်ပင် မြောက်ကိုရီးယားသင်္ဘော Kang Nami သည် မြန်မာနိုင်ငံသို့ ဦးတည်သွားရာ အမေရိကန်ရေတပ်မှ ခြေရာခံပါသွားသောကြောင့် နောက်ကြောင်း ပြန်လှည့်သွားခဲ့ပါသည်။ တောင်ကိုရီးယား ထောက်လှမ်းရေး ပညာရှင်၏ ဂြိုလ်တုမှ ဓာတ်ပုံများကို အခြေခံ၍ ပြောဆိုချက်ကို ကိုးကား၍ AP သတင်းဌာနက ပြောဆိုရာတွင် အဆိုပါသင်္ဘောသည် နျူကလီးယားစက်ပစ္စည်းများနှင့် စကပ်ဒုံးကျည်များ တင်ဆောင်ထားသည်ဟုဆိုပါသည်။ မြန်မာအစိုးရ ထိပ်တန်းတာဝန်ရှိသူများသည် ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံသို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် သွားရောက်ခဲ့ သည်ဟု ယုံကြည်ရပါသည်။

          သြစတြေးလျအမျိုးသား တက္ကသိုလ်မှ မဟာဗျူဟာလေ့လာရေးပါမောက္ခ Desmond Ball နှင့် သတင်းစာဆရာ Phil Thornton တို့၏ နှစ်နှစ်ကြာလေ့လာမှုများအရ မြန်မာအစိုးရအတွင်းမှ အထောက်အထား ထွက်ပေါ်ကြောင်းဆိုပါသည်။ ပြီးခဲ့သည့် သြဂုတ်လက ၎င်းတို့နှစ်ဦးသည် Sydney Morning Herald တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများကိုတွေ့ဆုံမေးမြန်းမှု အပေါ် အခြေခံ၍ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။

          ၎င်းတို့၏ အဆိုအရ မြန်မာအစိုးရသည် နျူကလီးယားတပ်ရင်းတစ်ခု ဖွဲ့စည်းထားပြီး ၂၀၁၄ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် နျူကလီးယားထိပ်ဖူးပါ ဒုံးကျည်တစ်ခု ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ ၎င်းတို့က မြန်မာအစိုးရသည် ပြုံးယမ်းမှ နျူကလီးယား နည်းပညာများ ပေးမှုကြောင့် အပြန်အလှန်အားဖြင့် သန့်စင်ပြီး ယူရေနီယမ်များ ရောင်းချပေးကြောင်းပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံမှ ထွက်ပြေးလာသူတစ်ဦးကပြောကြားရာတွင် ၎င်းသည် နျူကလီးယားတပ်ရင်း တစ်ခု ထူထောင်ပြီး ဓာတ်ပေါင်းဖို တည်ဆောက်ရန်အတွက် မော်စကိုသို့ စေလွှတ်ခြင်းခံရသူများတွင် ပါဝင်ကြောင်း၊ ရုရှားနှင့် ဆောက်လုပ်မည့် ဓာတ်ပေါင်းဖိုအပြင်၊ နောင်လိုင်တွင် ဒုတိယဓာတ်ပေါင်းဖို တစ်ခု လျှို့ဝှက်တည်ဆောက်နေသည်ဟု ဆိုပါသည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် ပလူတိုနီယမ် ပြန်လည်ထုတ်လုပ်ရေး လုပ်ငန်းပြုလုပ်ရန် ရုရှားလက်ထဲတွင် အဆင်သင့်ရှိနေကြောင်း ဆိုပါသည်။

          နောက်ထပ် ထွက်ပြေးလာသူတစ်ဦးမှာ စစ်အစိုးရနှင့် အဆက်အသွယ်ရှိသော စီးပွားရေးလုပ် ငန်းရှင်တစ်ဦး၏ စာရင်းကိုင်လုပ်ခဲ့ဖူးပြီး၊ ၎င်းကပြောကြားရာတွင် "အစိုးရက ထိုင်းကို သာမန်လက်နက်နဲ့ မယှဉ်နိုင်ဘူးဆိုတာ သိတယ်လေ။ သူတို့က မြောက်ကိုရီးယားလို ပါဝါမျိုးလိုချင် တယ်။ သူတို့က နျူကလီးယားနဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်ကို ပေါင်းစပ်ဖို့ ကြိုးစားနေကြတယ်" ဟုပြောကြားခဲ့ပါသည်။

          ဟီလာရီကလင်တန်ကလည်း ပြီးခဲ့သည့် နှစ်က အမေရိကန်၏ စိုးရိမ်ပူပန်မှုကို ပြောကြား ရာတွင် "ကျွန်မတို့စိုးရိမ်တာက မြောက်ကိုရီးယားက မြန်မာပြည်ကို နျူကလီးယားနည်းပညာနဲ့ အခြား အန္တရာယ်ရှိတဲ့ လက်နက်တွေပေးပို့နေတာပါပဲ"ဟုဆိုပါသည်။

          ယခင်ကလည်း မြောက်ကိုရီးယားသည် ဆီးရီးယားကို နျူကလီးယားဓာတ်ပေါင်းဖိုဆောက်လုပ် ရန် ကူညီခဲ့သည်ဟုယုံကြည်ရပြီး၊ ထိုဓာတ်ပေါင်းကို ၂၀၀၇ ခုနှစ်တွင် အစ္စရေးကလေကြောင်းမှ ဗုံးကြဲ ဖျက်ဆီးခဲ့ပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့် နျူကလီးယား လက်နက်များ ပြုလုပ်မည်မဟုတ် ဟူသော အသံများလည်းထွက်ပေါ်လာပါသေးသည်။

          International Institute for strategic studies က မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယူရေနီယံ အနည်းငယ်တွေ့ရှိမှုနှင့် နိုင်ငံခြားတွင် နျူကလီးယားနှင့်ပတ်သက်၍ သင်တန်းများ စေလွှတ်ခြင်းမှလွဲ ၍ နျူကလီးယားလက်နက်ထုတ်နိုင်သည့် စွမ်းရည်မရှိသေးကြောင်းဆိုပါသည်။

          ၁၀ မဂ္ဂါဝပ်သုတေသန ဓာတ်ပေါင်းဖို ဆောက်လုပ်ခဲ့သည်ဆိုလျှင်တောင် နျူကလီးယားလက် နက်ထုတ်ရန် ပြောင်းလဲရေးအတွက် ကျွမ်းကျင်မှုအနည်းငယ်ကို လိုအပ်နေသေးကြောင်း ဓာတ်ပေါင်း ဖိုမှ ပလူတိုနီယမ်ထုတ်ရန် ကြိုးစားလျှင်လည်း IAEA မု စစ်ဆေးရေးမှူးများက ထောက်လှမ်းတွေ့ရှိ နိုင်သည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံ၏ နျူကလီးယားကိစ္စ အမေရိကန်၏ ပြောကြားချက်နှင့်ပတ်သက်၍ ရိုးအီနေပြီဖြစ် သော ဖြေရှင်းချက်ကတော့ ရှိနေမှာပင်ဖြစ်သည်။ မြန်မာအစိုးရကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ပါဝင်ခြင်းမရှိပဲ ရွေးကောက်ပွဲများကို ယခုနှစ်ကျင်းပတော့မည်ဖြစ်သည်။

          နျူကလီးယားလုံခြုံရေးထိပ်သီးအစည်းအဝေးသည် အီရန်ကို အထီးကျန်ဖြစ်အောင် အသေးစိတ်ချဲ့ပြီး လုပ်ဆောင်သည့် အစည်းအဝေးဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စများတွင် ပါဝင်ကူညီ ကိုင်ကိုင်တွယ်ရေးအတွက် အိန္ဒိနှင့်တရုတ်ကို အမေရိကန်က မြန်မာ၏နျူကလီးယား ရည်မှန်းချက်များကို အကြောင်းပြဆွဲဆောင်နေခြင်းပင်ဖြစ်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, Wai Moe, 20 Apr 2010

United Wa State Army (UWSA) သည် အင်အား ၂၀၀၀၀ ခန့်ရှိ အကြီးဆုံးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်ပြီး အစိုးရ၏ နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံဘဲ ခိုင်မာစွာ ရပ်တည်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။

အစိုးရသည် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲများကို အစိုးရတပ်လက်အောက် နယ်ခြားစောင့်တပ် အဖြစ်ဖွဲ့စည်းရန် ယခုကြာသပတေးနေ့ နောက်ဆုံးရက် သတ်မှတ်ပေးထားပါသည်။

သတင်းများအရ United Wa State Army (UWSA) ခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ အနာဂတ် BGF  အစီအစဉ်နှင့် ပတ်သက်၍ မကြာမီက ဆွေးနွေးခဲ့ရာ အစိုးရ၏ အစီအစဉ်ကို လက်မခံရန် ထပ်မံ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ဝ ဥက္ကဌ ပေါက်ယူချမ်းသည် BGF အစီအစဉ်နှင့် ပတ်သက်၍ အစိုးရထံ စာနှစ်စောင် ပေးပို့ခဲ့ပါသည်။ သို့သော် အစိုးရက စာနှစ်စောင်လုံးကို ပယ်ချခဲ့ကြောင်း၊ ဝ ခေါင်းဆောင်များကလည်း မည်သည့် အကြောင်းနှင့်မျှ အလျှော့မပေးရန် ဆုံးဖြတ်ခဲ့ကြောင်း တိုင်းရင်းသားများအရေးကို စောင့်ကြည့်နေသော ရှမ်းသံတော်ဆင့် သတင်းအေဂျင်စီမှ အယ်ဒီတာ  Saengjuen Sarawin က ပြောကြားခဲ့ပါသည်။

အချို့ ဝခေါင်းဆောင်များက ယုံကြည်သည်မှာ အစိုးရ၏ BGF အစီအစဉ်ကို သဘောမတူ၍ လက်မခံဟု ပြောမည့် အစား အခြားနည်းလမ်းများကို ဖော်ပြသင့်သည်ဟု Sarawin က ဆိုပါသည်။

အဆိုပါ စဉ်းစားပုံ နည်းလမ်းကို ဝ များထံမှ သာမက နယ်စပ်ရှိ အခြားအဖွဲ့များထံမှလည်း ထိုနည်းလမ်းကို ပြောလာကြကြောင်း၊ Sarawin က ညှိနှိုင်းမှုများတွင် တရုတ်ပါဝင်ပတ်သက်မှုများကို ညွှန်းဆို၍ ပြောဆိုခဲ့ပါသည်။

သို့သော် အစိုးရကမူ တိုင်းရင်းသားအဖွဲ့များအား ဧပြီလ ၂၂ ရက်နောက်ဆုံးထား၍ BGF အစီအစဉ်ကို အပြောင်းအလဲ မရှိ လက်ခံရန် သတ်မှတ်ထားပြီး၊ ထိုအစီအစဉ်နှင့် ပတ်သက်၍ ဝ များနှင့် ထပ်မံ ညှိနှိုင်းရလိမ့်မည် မဟုတ်ဟု သိရှိရပါသည်။

တိုင်းရင်းသားအဖွဲ့များသည် အဆိုပါ အရေးကိစ္စအား ငြိမ်းချမ်းစွာနှင့် နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ပြောကြားကြသော်လည်း ယခုအခါ ၎င်းတို့သည် အဆိုးဆုံးကို ပြင်ဆင်လျက်ရှိကြပါသည်။

သတင်းများ အဆိုအရ ဝ ရော ၎င်း၏ မဟာမိတ် မိုင်းလားအခြေစိုက် National Democratic Allliance Army (NDAA) တို့သည် ဧပြီလ မတိုင်မီကတည်းက ဖြစ်လာနိုင်သည့် ကဋိပက္ခအတွက် ၎င်းတို့၏ လုပ်ချုပ်ရေး ဝန်ထမ်းများကို စတင်ရွှေ့ပြောင်းခဲ့သည်ဟု သိရှိရပါသည်။

ယခုအခါ တိုင်းရင်းသားအဖွဲ့များသည် ၎င်းတို့၏ စစ်တပ်များအား အကယ်၍ အစိုးရက စစ်ရေးအရ တိုက်ခိုက်လာပါက နယ်မြေအား ကာကွယ်နိုင်ရန် အသင့်ပြင်ထားကြပါသည်။

တချိန်တည်းမှာပင် အစိုးရကလည်း ကြာသပတေးနေ့ နောက်ဆုံးရက်တွင် တိုင်းရင်းသားများက လက်မခံခဲ့ပါက ရင်ဆိုင်ရန် ပြင်ဆင်ထားပုံရပါသည်။

တောင်ပိုင်းရှမ်းပြည်သို့ သွားရာလမ်းပေါ်ရှိ သာစည်မြို့မှ လူများ၏ပြောပြချက်အရ စစ်သားများ တင်ဆောင်ထားသော ကားများ ရှမ်းပြည်သို့ တက်သွားကြောင်း၊ ဝ တပ်များကို ရင်ဆိုင်ရန်ဖြစ်မည်ဟု ယူဆရကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့ရှိ စစ်တပ်အသိုင်းအဝိုင်းမှ လာသော သတင်းများအရ တိုင်းရင်းသား လက်နက်ကိုင်များကို ဧပြီ ၂၈ ရက်တွင် စတင်တိုက်ခိုက်နိုင်သည်ဟု စစ်တပ်အတွင်း ကောလဟာလ ဖြစ်လျက်ရှိသည်ဟု ဆိုပါသည်။

အစိုးရသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဧရိယာအတွင်းရှိ ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကြပ်ထားပြီး၊ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက်ရှိ စီးပွားရေးနှင့် ဒေသခံများအား အစိုးရက စိတ်ဓါတ်စစ်ဆင်ရေးများ ပြုလုပ်လျှက် ရှိသည်ဟု သိရှိရပါသည်။

"အကယ်၍ ဝ တွေက နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံရင် မြန်မာစစ်တပ်က ငါးရက်နဲ့ အပြတ်ချေမှုန်းပစ်မှာလို့ အစိုးရလူတွေက မူဆယ်မှာ ပြောနေကြတယ်" ဟု တရုတ်- မြန်မာ နယ်စပ်အခြေစိုက် မြန်မာစစ်ရေး ကျွမ်းကျင်သူ အောင်ကျော်ဇောက ပြောပါသည်။

" ဒါပေမယ့် ဒါကတော့ ဝ နဲ့ အခြားတိုင်းရင်းသား အဖွဲ့တွေကို ခြိမ်းခြောက်တာပါ။ အစိုးရအဖို့ စစ်ပွဲတစ်ခု လုပ်ရတာ လွယ်တာမှ မဟုတ်တာ။ စစ်ပွဲကြောင့် ကိုယ့်ကိုယ်ကိုရော၊ တရုတ်နဲ့ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်ပါတယ်" ဟု ၎င်းက ပြောပါသည်။

ဧပြီလ ၁၇ ရက်နေ့သည် United Wa State Army (UWSA) ဖွဲ့စည်းသည့် ၂၁ နှစ်မြောက်နေ့ ဖြစ်ပါသည်။ (UWSA) ကို ဝများက ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်လာပြီး ဖွဲ့စည်းခြင်းဖြစ်ပြီး၊ နောက်ပိုင်းအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပါသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း နှစ်ပတ်လည်နေ့များကို တရုတ်- မြန်မာနယ်စပ်ရှိ ၎င်းတို့၏ ဌာနချုပ် ပန်ဆန်းတွင် အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါသည်။

၂၀၀၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က အနှစ်နှစ်ဆယ်မြောက် နှစ်ပတ်လည်နေ့တွင် (UWSA) ဦးစီးချုပ်လည်းဖြစ်၊ ဝ ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော United Wa State Party ဥက္ကဌလည်း ဖြစ်သူ ပေါက်ယူချမ်းက ၎င်းတို့အား ထောက်ခံသူ ထောက်ခံသူ ထောင်ပေါင်းများစွာသော လူအများရှေ့တွင် ပို၍ ခိုင်မာညီညွတ်သော ဝ ပြည်ထောင်စု တည်ဆောက်ရန် ကတိပြုခဲ့ပါသည်။

သို့သော် ယခုနှစ်တွင် ဝ နှင့် ၎င်း၏ မဟာမိတ်များသည် အစိုးရနှင့် BGF ကိစ္စကြောင့် ပဋိပက္ခ ဖြစ်ရန် အလားအလာများကြောင့် ဝ ခေါင်းဆောင်များသည် ပြီးခဲ့သည့် အပတ်က နှစ်ပတ်လည် အခမ်းအနား ကျင်းပခြင်း မရှိခဲ့ကြပါ။

"အစကတော့ ဝ တွေက နှစ်ပတ်လည်အခမ်းအနားတွေလုပ်မလို့ဘဲ။ ဒါပေမယ့် သူ့မဟာမိတ်တွေနဲ့ တပ်တွေပြင်ဆင်နေရလို့ မလုပ်ဖြစ်တော့ဘူး" ဟု Sarawin က ပြောပါသည်။

ပြီးခဲ့သည့် အပတ်က ကချင်ပြည်နယ်၊ ဖားကန့်တွင် KIA ပြောက်ကျားတပ်များနှင့် မြန်မာတပ်များအကြား သေနပ်ပစ်မှု ဖြစ်ပွားခဲ့ပါသည်။

ကချင်ဘက်မှလာသော သတင်းများအရ အဆိုပါ ပစ်ခတ်မှုမှာ မိနစ်အနည်းငယ်သာ ကြာကြောင်း၊ မြန်မာတပ်များကချင် KIA နယ်အတွင်းသို့ ဖြတ်သွားသောကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

KIA သည်လည်း UWSA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်များနည်းတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသေးသူများတွင် ပါဝင်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကြုံတွေ့နေကြသည့် မျက်မှောက် အခြေအနေသည်ကား လက်ရှိ တပ်မတော်အစိုးရက သူတို့ ဇာတ်သိမ်းကောင်းမည့် တဖက်သတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲထားသည့် အတွက် လာမည့် ရွေးကောက်ပွဲကို လက်မခံနိုင်ကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ အပါအဝင် ကြုံတွေ့လာမည့် အပြောင်းအလဲကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချလိုကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ၊ ထို့အတူ မထင်မှတ်လောက်အောင် ကောင်းမွန်လှသည့် နည်းဗျူဟာများနှင့် ရွေးကောက်ပွဲ စပွန်ဆာ တပ်မတော် ကလည်း သူတို့၏ ဦးတည်ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်ရန် ဇာတ်သိမ်းလှသည့် နိဂုံးဆီသို့ တစ်လှမ်းချင်း လှမ်းလျှက် သွားနေသည်များက ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းကို ရောက်နေသည့် မြန်မာ ပြဇာတ်တစ်ပုဒ်ကို ခံစားနေရသည့်အလား ရှိနေပါသည်။  

ဇာတ်သိမ်းမှာ ပျော်ကြရမည်လား၊ ငိုကြရမည်လား ယခုတိုင် သေချာမသိကြသေး။ ပညာရှင်များလည်း မှန်းဆဆဲ။ နှစ်ပေါင်းကတော့ ၅၀ နီးပါး ကြာခဲ့ချေပြီ။ လက်ရှိကာလတွင် မီဒီယာ ပွင့်လင်းလွတ်လပ်လာမှုကို အတိုင်းအတာတစ်ခုအထိ တွေ့မြင်ရသကဲ့သို့ အခြား တစ်ဘက်တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲ ရှိနေသည်ဖြစ်ရာ ယင်းနှင့် စပ်လျဉ်း၍ မြန်မာ့ လူ့အဖွဲ့အစည်း အတွက် ပြောစရာများ ရှိလာပါသည်။ 

·     ပထမဦးစွာ မြန်မာ့ လူ့အဖွဲ့အစည်း၏ ယုံကြည်ချက်၊ ဘာကို ယုံကြည်ကြသနည်း ဆိုသည်မှာ အချက်တစ်ခု ဖြစ်ပါသည်။ ယင်းယုံကြည်ချက်ပေါ်တွင် မူတည်၍ လူတစ်ဦးချင်း သော်လည်းကောင်း၊ လူ့အဖွဲ့အစည်း တစ်ခုချင်း သော်လည်းကောင်း ရပ်တည်မှု မည်သို့ရှိသည်ကို ပြောရန်လိုသည်က အချက်တစ်ခုဖြစ်ပါသည်။

·     ယင်းနောက် လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်မှု မည်သို့ ရှိခဲ့ကြသနည်း၊ ယခုရော မည်သို့ ရှိနေသနည်း၊ နောင်ရော မည်သို့ ရှိသင့်သနည်းဆိုတာ တွေးစရာဖြစ်လာသည်။

·     နောက်ဆုံးအချက်မှာ အထက်ပါ အနေအထားများ အတွက် မြန်မာ့လူ့အဖွဲ့အစည်း အနေဖြင့်ရော တစ်ဦးချင်းအနေဖြင့်ပါ ပြင်ဆင်မှု ဘယ်လောက် ရှိကြသနည်း ဆိုသောအချက်ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ ပညာရှင်ပေါင်းများစွာရှိသည့်အနက် ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းပြိုလဲပြီး ကွန်မြူနစ်စနစ် ကျဆုံးမည် ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ခဲ့ကြပါ။ ကွန်မြူနစ်စနစ် မအောင်မြင်ခဲ့သည်ကို သိကြသော်လည်း ယင်းအချိန်တွင် အဘယ်ကြောင့် ပြိုကွဲခဲ့ရသနည်း ဆိုသည့် အချက်ကို သိသူ မရှိသလောက် နည်းပါးခဲ့ပါသည်။ ပြိုကွဲခြင်းနှင့် ပတ်သက်၍ အကြောင်းအချက် အမျိုးစုံပြောကြပါသည်။ အဓိက အချက်ကို ရိုးရှင်းသေချာစွာ စဉ်းစားကြည့်ပါက အဖြေကို တွေ့နိုင်ပါသည်။  

ဘာလင်တံတိုင်းပြိုလဲပြီး ကွန်မြူနစ်စနစ် ကျဆုံးခြင်းသည် ယင်းစနစ်ကို ကာကွယ်သူမရှိတော့သည့် အတွက်၊ ယင်းစနစ်တွင် အကာအကွယ်မဲ့သည့် အတွက် ဖြစ်ပါသည်။ ထိုသို့ အကာအကွယ်မဲ့ခဲ့သည့် အကြောင်းအရင်း မှာလည်း ရှင်းပါသည်။ ထိုစနစ်တခုကို ကာကွယ်ပေးရမည့် သူများအနေနှင့် စနစ်ကို ကာကွယ်ပေးရန်၊ ကာကွယ်ပေးလိုစိတ် ရှိရန်အတွက် ၎င်းတို့သည် သူတို့၏ စနစ်အပေါ် ယုံကြည်မှု ရှိရန် လိုအပ်သည်။ ကာကွယ်ပေးရမည့် လူတစ်ဦး တစ်ယောက်ချင်း အနေနှင့် စနစ်ပေါ်တွင် ယုံကြည်မှု ကင်းမဲ့သွား သည့်အချိန်တွင် စနစ်တစ်ခုလုံး ပြိုလဲသွားသည်ကို တွေ့ရပါသည်။ 

မြန်မာလူအဖွဲ့အစည်းတွင် ယင်းသို့ ဖြစ်ခဲ့ဖူးပြီး ၁၉၈၈ ခုနှစ်က အဖြစ်အပျက်ကို ဥပမာအနေဖြင့် မြင်နိုင်သည်။ ယင်းအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် တင်းပြည့် ပါတီဝင် သန်းကျော်ရှိပြီး အဆိုပါတီဝင်များကသာ ထိုအချိန်က ညီညီညွတ်ညွတ် ရပ်တည်ပေးခဲ့မည်ဆိုပါက ဆိုရှယ်လစ်စနစ် ပြိုကွဲစရာ အကြောင်းမရှိပါ။ ထို့ကြောင့် စနစ်အပေါ် ယုံကြည်ချက်မရှိတော့ခြင်းကိုသာ အဓိအချက်အဖြစ်တွေ့ရသည်ကို မီးမောင်းထိုးပြလိုပါသည်။

ထိုအချက်ကြောင့်ပင် မြေကြီးကိုင်စရာမလိုဘဲ ပြောဆိုနိုင်သည်မှာ totalitarian ဟုပြောဆိုနိုင်သည့် အလုံးစုံ အာဏာရှင် စနစ်သည် အချိန်တစ်ခုရောက်ပါက စနစ်အပေါ် သူ့လူများ ကိုယ်တိုင်က လုံးဝယုံကြည်မှု ပျက်သုန်းမှု အသေအချာ ရှိလာရ မည်ဆိုသော အချက်ဖြစ်သည်။  

ဆက်စပ်စဉ်းစားကြမည်ဆိုလျှင် ယခုနှစ် ၂၀၁၀ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု အပေါ်တွင် ယုံကြည်မှု၊ မယုံကြည်မှု ပမာဏ မည်မျှရှိနေသနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ထို့ပြင်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် သူအတွက် ရွှေရောင်လွှမ်းမည့် ဇာတ်သိမ်းခန်း စနစ်ကို ကာကွယ်ကြမည့်သူများ၏ ယုံကြည်မှု အနေနှင့်ရော မည်မျှရှိသနည်းဆို သည်မှာလည်း မေးခွန်းတစ်ခု ဖြစ်လာပါသည်။

ယင်းသို့ နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့် ပတ်သက်၍ ယုံကြည်မှု ကင်းမဲ့နေပြီဟု ပြောသည့် အစိတ်အပိုင်းက ပြောနိုင်သကဲ့သို့၊ ဒီစနစ်တည်မြဲနိုင်သေးသည်ဟု ပြောသည့် သူများလဲရှိနိုင်ပါသေးသည်။ လက်တွေ့ကျကျ ပြောကြမည်ဆိုပါက

ထိုသဘောထား နှစ်မျိုး ရောနေသေးသည်ကို တွေ့ရပါသည်။ ယခုစနစ် ပြိုလဲဖို့ဆိုပါက စနစ်ပေါ်မှာ မျှော်လင့်ချက် မရှိဘူးဆိုသည့်၊ ယုံကြည်ချက်ကင်းမဲ့သည့် သူ များလာဖို့ လိုပါသည်။ 

၂၀၁၀ ကို နိုင်ငံရေးအချိုးအကွေ့တစ်ခုအနေနဲ့ မြင်မယ်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်ဖို့နှင့် ခေတ်မီသည့် လူ့အဖွဲ့အစည်း တည်ထောင်ဖို့ မဖြစ်နိုင်တာတွေ များနေသည်ဟု ထင်နေသည့် မြန်မာ့ လူ့အဖွဲ့အစည်း၏ ရပ်တည်ချက်ကို ရွှေ့နိုင်ရန် နည်းလမ်းရှာ စဉ်းစားဖို့လိုပါသည်။ လူ့အဖွဲ့အစည်းရဲ့ အရွေ့ဟာ နိုင်ငံ ရဲ့ အရွေ့ပင်ဖြစ်ပါသည်။ 

ထို့အပြင် ယခုပြောနေတဲ့ ဒီမိုကရစ်တက် လူ့အဖွဲ့အစည်းတွင် လူများ၏ နိုင်ငံအရေးတွင် ပါဝင် ပတ်သက်မှု သည်လည်း အရေးကြီးပါသည်။ ယင်းသည်ပင် လူ့အဖွဲ့အစည်းများ၏ အရွေ့မှ တစ်ဆင့် သွားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ရပ်တည်မှုကို ရရှိလာရန် မည်သို့ လုပ်ပေးမလဲ ဆိုသည်မှာ ပြင်ဆင်မှုဖြစ်ပါတယ်။ ပြင်ဆင်မှုကို ပြည်တွင်းပြည်ပ မီဒီယာမျိုးစုံက မြင်ရသလောက် အမျိုးအစား အစုံတွေ့နေရပါသည်။ 

အခြေအနေ အရပ်ရပ် အပေါ် မိမိရပ်တည်ချက်ကို သမားဂုဏ်နှင့် ချိန်ပြီး ပြတ်ပြတ်သားသား ဦးတည်ပြောဆိုနေကြသည့် သူများရှိသလို မိမိရပ်တည်ချက်ကို မပြဘဲ လိုအပ်ချက်များကိုသာ ပစ်တင်ဝေဖန်သည့် သဘောနှင့် ရေးနေသားနေ ကြတာကိုလဲ တွေ့ရပါသည်။ ပြတ်ပြတ်သားသားပြောဆို ရေးသားပြီး အတွေးအမြင်ကို ပုံဖော်ဖန်တီးကြ တဲ့သူများအနေနှင့် မောင်စူးစမ်းနှင့် အချို့တို့ကို ယျေဘုယျ တွေ့နိုင်ပါသည်။ 

အများစုမှာ အချို့က မိမိရပ်တည်မှုသည် မည်သို့ရှိသည်ကို ကိုယ်တိုင် မရှင်းသည့်အတွက် မျက်မှောက် အခြေအနေကို လက်တွေ့ကျသည့် ပုံစံမျိုးနှင့် ရှုမြင်ခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာများကို လိုက်လံဖတ်ရှုထားသည့် စံပြတန်ဖိုးများ၊ စံပြပေတံများနှင့် တိုင်း၍ အခြားလူများ၏ ရပ်တည်ချက်များကို မမီဘူး၊ မီတယ်ပြောဆိုနေသည့် အချက်ဖြစ် ပါသည်။

မြန်မာ့လူ့အဖွဲ့အစည်း၌လည်း အတိတ်က သမိုင်းဖြစ်ရပ်များကြောင့် နိုင်ငံရေးသည် ညစ်ညမ်းသည် ဆိုသည့် ပေတံအဟောင်းနှင့် တိုင်းနေတယ် ဆိုတာမျိုးကိုသာ အများစု တွေ့ရပါသည်။  

·     ဒီမိုကရေစီဟု ပြောပါက ပြည်သူများက တိုက်ရိုက်အုပ်ချုပ်ခြင်း မဟုတ်ဘဲ မိမိကိုယ်စား အုပ်ချုပ်ပေးမည့် သူများကို ရွေးလိုက်ခြင်းသာ ဖြစ်ကြောင်းကို နားလည်သဘောပေါက်ထားရန်မှာ ပထမအဆင့် လိုအပ်ပါတယ်။

·     ထိုကဲ့သို့ ရွေးချယ်ဖို့ရန်အတွက် ရွေးကောက်ပွဲရှိပြီး ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်ထားသည့် သူများက ဥပဒေပြုကြပါသည်။

·     ထို့နောက် ဗြူရိုကရေစီ ယန္တယားနဲ့ ဆုံးဖြတ်ချက်များ ချပါသည်။

·     အဆိုပါ ဆုံးဖြတ်ချက်များအပေါ်တွင် အသင်းအဖွဲ့များနှင့် Civil Society များကက သဘောတူမတူကို တုံ့ပြန်မှု ပြုပါသည်။

·     အထက်ပါအချက်များအားလုံးကို ထိန်းညှိပေးသည်မှာ တရားရေးမဏ္ဍိုင်ခိုင်မြဲမှု ဆိုသည့် အချက်နှင့် ဖြစ်ပါသည်။ အထက်ပါအချက်များမှာ တိုင်းရမယ့် ပေတံတွေ ဖြစ်ပါသည်။

 

ရွေးကောက်ပွဲလုပ်တယ်ဆိုကတည်းက နိုင်ခြင်း၊ ရှုံးခြင်းမှာ သဘာဝဖြစ်၍ သိပ်မထူးဆန်းပါ။ သို့သော် ရှုံးနိမ့်သူ၏ ခံယူချက်နှင့် ရပ်တည်ချက်သည် အဓိက ကျပြီးအရေးပါသည်။ ယခုနေရာတွင် ဘောပွဲလောင်းသလို အနိုင်အရှုံး တွက်ကြတာမျိုး မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးအတွက် အဓိက ဦးတည်ချက် "ဘာလုပ်မှာလဲ" ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။  

ထို့ကြောင့် တစ်ဘက်ကလည်း အထက်ကပြောသကဲ့သို့ တိုင်းတာကြမည့် ပေတံများအတွက် တည်ဆောက်ကြသည် ဟုဆိုရာတွင် ယှဉ်ပြိုင်မှုမှ တစ်ဆင့် ရရှိလာမည့် အနိုင်အရှုံးအပေါ်တွင် အတ္တကို ဖယ်၍ ရှုံးတဲ့သူကလည်း "ဒါဘောပွဲ အနိုင်အရှုံးမဟုတ်တဲ့အတွက် ဒီစနစ်ထဲမှာ ငါတို့ ဆက်ပါနေဦးမယ် အတိုက်အခံ၏ တန်ဖိုးသည် အရှုံးသမားမဟုတ်ဘူး" ဆိုတဲ့ စိတ်ထားမျိုးရှိရမည်ဖြစ်ပါသည်။ ပွဲက ထွက်ရန်မလိုဘဲ အတိုက်အခံအနေဖြင့် ဆက်ပါရန် ဖြစ်ပါသည်။ 

အတိုက်အခံတို့အနေနှင့် မိမိတို့သည် ယခုတစ်ပွဲတွင် အာဏာကို ထိန်းညှိပေးသည့် ကဏ္ဍမှ ရပ်တည်၍ အဓိက လှုပ်ရှားမယ့်သူ ဖြစ်သည်ဆိုခြင်းကို မြင်ဖို့လိုပါသည်။ အားလုံး၏ အမြင်တွင် စနစ်ကျသော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို အသက်သွင်းသည့် နေရာတွင် အခြေခံဥပဒေနှင့်သာ အသက်သွင်းရမည်ဆိုသည့် အချက်ဖြစ်ပါသည်။ 

၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ လုံးဝ ပြီးပြည့်စုံသည့် စံပြအခြေခံဥပဒေ မဟုတ်ဘူးဆိုခြင်းကို လူတိုင်းသိနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ယခုကဲ့သို့သော အခြေအနေကိုသာ မရဘူးသေးသည့် အခွင့်အလမ်းတစ်ခု အဖြစ် မြင်ကြည့်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် "ဘာလုပ်ကြမယ်"ဆိုသည့် ပြင်ဆင်မှုသည် အရေးအကြီးဆုံးကိစ္စ တစ်ခု ဖြစ်သည်ကို သတိပြုမိနိုင်ပါသည်။ 

ထို့ကြောင့် နောက်က၊ ဘေးက လိုက်ပြောမနေနဲ့တော့လို့ ပြောရတော့မှာဖြစ်ပါသည်။ အနောက်က လိုက်မပြောနဲ့တော့ဟု ဆိုရာတွင် သမိုင်းကြောင်းရဲ့ အရိပ်လွှမ်းမိုးမှုကို အဓိပ္ပာယ်ဆောင်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့အပေါ်မှာ သမိုင်းအရိပ်ရဲ့ လွှမ်းမိုးမှုများ အတော်အတန်ရှိခဲ့တယ်ဆိုတာ မေးခွန်းတောင် မလိုပါဘူး ဟု ဆိုရပါမည်။ 

အဓိကက ကျွန်တော်တို့သည် လူ့အဖွဲ့အစည်း ပြောင်းလဲရေး အတွက် လုပ်နေကြတာဖြစ်ပါသည်။ နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ရန် အတွက် နိုင်ငံမျိုးစုံက ပုံစံမျိုးစုံကို ဆွဲယူသုံးစွဲမှုတွေ ရှိပါသည်။ ထိုကဲ့သို့ သုံးစွဲမှု၊ အိမ်နီးချင်း နိုင်ငံများ၏ အလားသဏ္ဍန်ကို ကြည့်ပြီး သူတို့ မော်ဒယ်များနှင့် ဒီလိုပုံစံတော့ ဖြစ်လောက်သည်ဟု ကိုယ့်နိုင်ငံနှင့် ချိန်ညှိမှုဆိုသည်မှာ အတိုင်းအတာ တစ်ခုအထိသာ ခန့်မှန်းနိုင်ပါသည်။ သေချာပေါက် ကောင်းသည် အောင်မြင်သည်ဟု ပြော၍မရပါ။

နိုင်ငံရေး နောက်ခံသမိုင်းကြောင်းများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်နေသည့် တိုးတက်မှု လမ်းကြောင်း အတိုင်းအတာသည် အနည်းငယ်သာ အသုံးတည့်နိုင်ပါသည်။ ထည့်သွင်းစဉ်းစားဖို့သာ ဖြစ်ပြီး တိုက်ရိုက်ယူရန်အတွက် အကုန်လုံးတော့ အဆင်မပြေနိုင်ပါ။ ဒါဟာ ဘာကြောင့်ပါလဲ။ 

အဖြေဆိုသည်ထက် သေချာသည်မှာ ခေတ်မတူတော့သည့် အတွက်ကြောင့်ဖြစ်ပြီး ယခုခေတ်တွင် ကြိုက်ကြိုက် မကြိုက်ကြိုက် လူတစ်ဦးချင်း ရနိုင်သည့် သတင်းအချက်အလက် အခြေအနေများသည် ကမ္ဘာပေါ်တွင် မည့်သည့်အခါကမျှ မကြုံခဲ့ဘူး၊ မရဘူးသည့် အခြေအနေမျိုးဖြစ်ပါသည်။ သတင်းခေတ် ဖြစ်သည်။။

တစ်ဘက်ကပြောနေကြသည့် ပြည်သူတွေ မညံ့ဘူးဆိုသည်မှာလည်း ဖြစ်နိုင်ပါတယ်။ အင်တာနက် မသုံးတတ်တဲ့ သူတစ်ယောက်ရဲ့ အနေအထားဟာ နောက်တစ်နေ့ အင်တာနက်သုံးတတ်သွားပြီးအခါတွင် အနေထားမတူတော့ဘဲ လိုအပ်တာ လိုအပ်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ ရှာနိုင်လာတယ်ဆိုတဲ့ အနေအထားဖြစ်လာပါတယ်။ 

ယခုလက်ရှိအခြေအနေသည် မြေပုံမဆွဲရသေးသည့် တောထဲသို့ ဝင်ရမည့် သဘောဖြစ်ပါသည်။ တွေ့ကြုံရမည့် စိန်ခေါ်မှုများကို မှန်းဆရုံသာ တတ်နိုင်ပါသည်။ ဘာလုပ်ထားရမလဲ။ အခြားနိုင်ငံများ၏ နမူနာ ပုံစံများဖြင့် စဉ်းစားထားပြီး ရှေ့ကပဲလာလာ၊ ဘေးတိုက်ပဲလာလာ ဒါဖြစ်ရင် ဘာလုပ်လိုက်မယ်ဆိုသည်မှာ အသုံးတည့်ရုံကလွဲလို့ ရလာဒ်မသေချာပါ။ innovation capacity ရှိမှ တီထွင်ဖန်တီးနိုင်စွမ်းရည်ဖြည့် ထားမှုက လွဲလို့ ကျန်တာမရှိပါဘူးဟု ပြောချင်ပါသည်။ 

အချုပ်ပြောရမည်ဆိုပါလျှင် ယခု ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပြီးပေါ်လာမည့် အခင်းအကျင်းသစ်တွင် ဆရာမောင်စူးစမ်း ပြောသည့် စပွန်ဆာ တပ်မတော်၏ နိုင်ငံရေးဦးနှောက်က ခင်းကျင်းလိုက်မည့် အခင်းအကျင်း များထဲတွင် ပြည်သူများ ဘက်က အဆိုပါ ထောင်ချောက်များအားလုံးကို ကျော်လွှားနိုင်ရန် နိုင်ငံရေးဦးနှောက်ကို သုံးပြီး ပြင်ဆင်ထားမည်ဆိုပါလျှင် ထိုသို့ ပြင်ဆင်မှုများ လုပ်နိုင်သည့် ပြည်သူများ၏ လုံ့လဝီရိယကြောင့် သူ့ပွဲသည် ကိုယ်ပွဲဖြစ်သွား နိုင်ပါသည်ဟု စကား ပါးလိုက်လိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အီရန်နိုင်ငံသည် လာမည့် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုအထိ ပစ်ခတ် တိုက်ခိုက်နိုင်သော တိုက်ချင်းပစ် ဒုံးကျည် တီထွင်ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း စီနီယာ အမေရိကန် အရာရှိကြီးတစ်ဦးက ဥပဒေပြုအမတ်များကို အသိပေးပြောကြားလိုက်သည်။

အမေရိကန် ဆီနိတ်တွင် ပြုလုပ်သော အီရန်ဒုံးကျည် စွမ်းဆောင်နိုင်မှုဆိုင်ရာ ကြားနာပွဲတွင် အမေရိကန် ကာကွယ်ရေး မူဝါဒဆိုင်ရာ ဒုတိယအတွင်းရေးမှူး James Miller က အီရန်တိုက်ချင်းပစ် ဒုံးကျည်တီထွင်မှုသည် လာမည့် ၂၀၁၅ ခုနှစ်ထက် နောက်မကျဘဲ အောင်မြင်လာဖွယ် ရှိသည်ဟု ခန့်မှန်း ပြောကြားသည်။

သို့သော်အဆိုပါ ခန့်မှန်းချက်မှာ နိုင်ငံခြားအကူအညီ အထောက်အပံ့ရယူမှုကို ထည့်သွင်း စဉ်းစားထားခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ အီရန်အနေဖြင့် ပြင်ပမှ နည်းပညာများ ရယူပါမှ တိုက်ချင်းပစ် ဒုံးကျည်ကို ၂၀၁၅ ခုနှစ်လောက်တွင် အကောင်အထည်ဖော်နိုင်ဖွယ် ရှိသည်ဟု ဆိုလိုရင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ US Air Force National Air and Space Intelligence Center က အီရန်ဒုံးကျည် တီထွင်မှုနှင့် ပတ်သက်ပြီး သုံးသပ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သုံးသပ်ချက်အရ အကယ်၍ အီရန်သည် ပြည်ပမှ နည်းပညာများ ရယူနိုင်မည် ဆိုပါက အမေရိကန်အထိ ပစ်လွှတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်ကို ၂၀၁၅ မှ ၂၀၁၈ ခုနှစ်လောက်တွင် ထုတ်လုပ်နိုင်ဖွယ် ရှိသည်ဟု ဆိုထားသည်။

အီရန်ရေးရာ စောင့်ကြည့်လေ့လာသူများက အီရန်က ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကမ္ဘာပတ်လမ်း အတွင်းသို့ Safir အာကာသယာဉ် ပစ်လွှတ်ခဲ့မှုသည် အီရန်အနေဖြင့်
တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ထုတ်လုပ်ရန် အရေးပါသော အကြောင်းအရင်း တစ်ရပ်ဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။

အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ ဒုံးကျည်အစီအစဉ်များနှင့် စစ်ရေး ခြိမ်းခြောက် မှုများသည် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများ အနေဖြင့် ဒုံးကျည်ကာကွယ်ရေး စနစ်များတပ်ဆင်ရန် အဓိကတွန်းအားများဖြစ်သည်။

အီရန်နိုင်ငံသည် နျူကလီးယား လက်နက်များ တီထွင်ထုတ်လုပ်ရန် လျို့ဝှက်စွာ ကြိုးပမ်းအားထုတ်လျက် ရှိသည်ဟု အမေရိကန်အစိုးရက စွပ်စွဲပြောဆိုလျက်ရှိသည်။ အီရန်သည် ယခုနှစ်လွန်ပါက နျူကလီးယား လက်နက်များကို ကောင်းစွာ တီထွင်ထုတ်လုပ်နိုင်ဖွယ် ရှိသည်ဟူသော ယခင်က ခန့်မှန်းပြောဆိုခဲ့မှုကို မစ္စတာ James Miller က ထပ်မံအတည်ပြု ပြောဆိုသည်။  ဧပြီလ လယ်ပိုင်းလောက်တွင် အမေရိကန် ပူးတွဲကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး James Cartwright က အီရန်နိုင်ငံသည် နျူကလီယာဗုံး တီထွင်ထုတ်လုပ်နိုင်မည့် အဆင့်မြင့် ယူရေနီယံ သန့်စင်မှုများကို တစ်နှစ်အတွင်း ပြုလုပ်နိုင်ဖွယ်ရှိကြောင်း၊ သို့သော် သုံးနှစ်မှ ငါးနှစ်အတွင်း အထိ အမှန်တကယ် အသုံးပြုနိုင်သော လက်နက်အဆင့်သို့ ရောက်ရှိဦးမည်မဟုတ်ကြောင်း ဆီးနိတ်သို့ ပြောဆိုခဲ့သည်။

ဤအတောအတွင်းမှာပင် အီရန်ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် Hossein Salami က အီရန်တပ်မတော်သည် ဧပြီလ ၂၂ ရက်နေ့မှစတင်ကာ သုံးရက်တာမျှ စစ်ရေး လေ့ကျင့်မည်ဖြစ်ကြောင်း၊ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပြည်တွင်းလုပ် ဒုံးကျည်များနှင့် အခြား လက်နက်များ စမ်းသပ်မှုများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင် Al-Alam ရုပ်သံသတင်းဌာနသို့ ပြောကြားသည်။

"အဲဒီစစ်ရေး လေ့ကျင့်မှုမှာ ကြည်း၊ရေ၊လေ တပ်ဖွဲ့တွေအားလုံး ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။ ပါရှန်ပင်လယ်ကွေ့၊ ဟောမုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့ဒေသ လုံခြုံရေးကို အဓိကရည်ရွယ်ပြီး ဒီလေ့ကျင့်မှုကိုပြုလုပ်မှာဖြစ်ပါတယ်" ဟု ၎င်းက Al-Alam ရုပ်သံသို့ ဆက်လက်ပြောဆိုသည်။

"အီရန်ရဲ့ ကာကွယ်ရေးစွမ်းအင်ကို စမ်းသပ်ရာမှာ အီရန်ဒုံးကျည်တွေနဲ့ အခြား လက်နက်တွေကို အသုံးချမှာဖြစ်ပါတယ်" ။

AFP သတင်းဌာန၏ သတင်းကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Posted by NEO in the myanmarcupid .net)

၈၈တုန်းက ကျနော်လဲအော်ဖူးပါတယ်။ ဒီမိုကရေစီရရှိရေး ဒို့အရေးလို့ အသံဝင်အောင် အော်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုတာဘာလဲ မသိပါဘူး။ ကြားဖူးရုံပါဘဲ။ ကျနော် သိတာကတော့ မဆလကို မကျေနပ်ဘူး၊ ငွေစက္ကူတွေကို တရားမ၀င်ဘူးလို့ကျေညာတဲ့ကိတ်စ၊ နောက်ပြီး ပါတီကောင်စီတွေ မင်းမူနေတာတွေကို မကျေနပ်တဲ့ ကိတ်စတွေ၊ နောက်တချက်ကတော့ ကျောင်းသားတွေ ဦးဆောင်တဲ့ အရေးတော်ပုံဖြစ်လို့ ကိုယ့်အသိစိတ်နဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီကို သိတဲ့လူတွေလဲရှိမှာပေါ့။ ဒါပေမယ့် လူတိုင်း မျှော်လင့်ချက်တွေ မတူဘူး ဆိုတာသေချာပါတယ်။ အဓိကကတော့ စီးပွားရေးဘဲ။ လူထုက စီးပွားရေးအဆင်ပြေနေရင် အဲဒီအရေးတော်ပုံဖြစ်လာမှာမူတ်ပါဘူး။ သေချာတာကတော့ ဒီမိုကရေစီကိုမသိတဲ့လူတွေများပါတယ်၊ အများစုကတော့ လက်ရှိအခြေအနေကို မကျေနပ်ကြလို့ အုံကြွခဲ့ကြတယ်လို့ထင်ပါတယ်။

၉၀ရွေးကောက်ပွဲဖြစ်လာတော့လဲ ဒီလိုသဘောထားမျိုးပါဘဲ။ အန်အယ်ဒီကို ၀ိုင်းပြီးမဲပေးခဲ့ကြတယ်။ အန်အယ်ဒီနိုင်ရင် ဒီမိုကရေစီရမယ်ဆိုတာထက် လက်ရှိ အခြေအနေ
ထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ခဲ့ကြတာဘဲ ပိုဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ လူထုက ဒီမိုကရေစီကို ပိုမိုသိရှိလာကြပြီ ဆိုပေမယ့်လဲ အဓိကလိုလားချက်ကတော့ ပျောက်ကွယ်မသွားပါဘူး။ ကျနော်လဲ ပြည်သူတယောက်အနေနဲ့ လိုလားချက်ကို ပြောရရင် နိုင်ငံစီးပွားရေး တိုးတက်လာစေချင်တယ်၊ သင့်တော်တဲ့အလုပ်အကိုင်တခု လိုချင်တယ်၊ မိသားစု အသိုင်းအ၀ိုင်းနဲ့ နေချင်တယ်၊၊ မီးမှန်စေချင်တယ်၊ (ဒီအထဲမှာ ဒီမိုကရေစီတခုမှမပါဘူး)၊ ဒီထက်ပိုပြီးမျှော်လင့်ရရင် အင်တာနက် မြန်စေချင်တယ်၊ ကိုယ်ပိုင်ကားစီးချင်တယ်၊ ကိုယ်ပိုင်အိမ်ယာနဲ့နေချင်တယ်၊ (ဒီအထိ ဒီမိုကရေစီမပါသေးဘူး)၊ ဒီထက်ပိုပြီးမျှော်လင့်ကြည့်ဦးမယ်၊ လွတ်လပ်စွာပြောဆိုရေးသွားခွင့်၊ ဆန္ဒပြခွင့်တွေလိုချင်တယ်၊ နိုင်ငံရေးသမားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းချင်တယ်၊ လူ့အခွင့်အရေး အပြည့်အ၀လိုချင်တယ်၊ (ဒီတခါတော့ ဒီမိုကရေစီပါလာပြီ)၊ ၂၀၀၈အခြေခံဥပဒေမှာ တည်ဆဲဥပဒေတွေကို လွှတ်တော်ကနေ မဖျက်သိမ်းသရွေ့ အတည်ဖြစ်တယ် လို့ဆိုထားတော့  လွှတ်တော်မှာ ပြည်သူရဲ့ လွတ်လပ်ခွင့်တွေ အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်း၊ သင့်တော်တဲ့ ဥပဒေတွေနဲ့ အစားထိုးရမှာက နိုင်ငံရေးပါတီတွေကြိုးစားဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံအာဏာကိုရမှ ဒါတွေကိုလုပ်ခွင့်ရှိမယ်ဆိုတဲ့ အမြင်က အာဏာရှင် စံနစ်အောက်မှာ တသက်လုံး နေလာခဲ့ရလို့ဖြစ်ပေါ်လာတဲ့ သံသယစိတ်တွေပါ။ ဘောလုံးပွဲ တပွဲကစားရင် နိုင်မယ်ဆိုတာ သေချာမှ ကစားမယ်ဆိုတာ မဖြစ်သင့်ပါ။ ဒီဘက်မှာ မက်ဆီ၊ ရိုနာဒို၊ ရိုနာဒင်ဟို၊ အကောင်းဆုံး ဘောလုံးသမားတွေ ရှိနေပြီဘဲ၊ ဒိုင်လူကြီးဘယ်လောက်ဘဲညစ်ညစ် ၁၀ဂိုးသွင်းရင် ၂ဂိုးလောက်တော့ ရနိုင်ပါတယ်ဗျ။ ဟိုဘက်က လူချကစားမယ်၊ ဒိုင်ညစ်မယ်ဆိုရင် ပရိတ်သတ်တွေ ၀ိုင်းအော်ကြပါလိမ့်မယ်။ ကွင်းထဲမ၀င်ဘဲ သပိတ်မှောက်ရင် အရူံးပေးပြီးသား ဖြစ်နေမှာဘဲ။

ဗီယက်နမ်မှာ ကွန်မြူနစ်စံနစ်နဲ့ စီးပွားရေး အောင်မြင်နေတယ်။ ဒီမိုကရေစီ တောင်းဆိုသံတွေကို မကြားရတာ စီးပွားရေး အဆင်ပြေနေလို့လားဆိုတာ လေ့လာသင့်ပါတယ်။ ကျနော် ပြောချင်တာက ဒီမိုကရေစီ လွတ်လပ်မူ့တွေဆိုတာ အန္တိမရည်မှန်းချက်၊ လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်လာဖို့ဆိုတာက လူထုရဲ့ လက်ငင်းလိုအပ်နေတဲ့အကျိုးစီးပွား။ ဒါကိုဒီမိုကရေစီ မဟုတ်ဘူးဆိုတိုင်း မပစ်မယ်သင့်ပါဘူး။ လောလောဆယ် အခြေအနေ မပေးသေးတဲ့အချိန်မှာ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ခေတ္တခဏ ချိုးနှိမ် ထားသင့်ပါတယ်။ ရွေးကောက်ပွဲ ၀င်ရင်လဲ စီးပွားရေးအခြေအနေတွေ သူ့အလိုအလျောက် ကောင်းလာမယ်လို့လဲ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ပြည်သူကို ကိုယ်စားပြုတယ်ဆိုရင် ပြည်သူတွေုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ဖို့၊ ဥပဒေတွေကိုပြဌာန်းရာမှာ ပါဝင်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့လိုပါတယ်။ ရွေးကောက်ပွဲမှာအနိုင်ရခဲ့လို့ အစိုးရဖွဲ့နိုင်ခဲ့တယ်ဆိုရင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေကို အပြည့်အ၀ မဖန်တီးနိုင်တောင်မှ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ မဲလိမ်ခံရနိုင်လို့ ရွေးကောက်ပွဲ မ၀င်သင့်ဘူးဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံပါ။ အန်အယ်ဒီလဲ အဲလိုတခါမှမပြောဖူးပါ။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မီးစိမ်းပြလိုက်လို့ စီအာပီပီပါတီတွေ၊ တခြား တိုင်းရင်းသား မဟာမိတ်ပါတီတွေ အင်တိုက်အားတိုက် ၀င်ပြိုင်ကြရင် အတိုင်းအတာတခုထိ အောင်မြင်မူ့ရနိုင်ပါတယ်။ အာဏာရှင်တွေ လက်အောက်မှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရတယ်ဆိုတာက လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့အိမ်နီးချင်းကို မလိုချင်လို့မရနိုင်သလို ကျနော်တို့လဲ အာဏာရှင်တွေနဲ့ မနေချင်ဘူးဆိုပြီး ငြင်းပယ်လို့ မရနိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဒီလူတွေဟာ ပါတီတခုလို ဖျက်ချင်တိုင်းဖျက်လို့ရတဲ့ အဖွဲ့အစည်းတခုမှာ ရှိနေတာမူတ်ဘူး၊ သွေးတသံတမိန့်နဲ့ ဖွဲ့စည်းထားတဲ့၊ တိုင်းပြည်မှာမရှိမဖြစ်တဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တပ်ထဲမှာရှိနေပါတယ်။
တသွေးတသံတမိန့် ဆိုတဲ့အတိုင်း အားလုံးသော တပ်မတော်သားတွေဟာ ခေါင်းဆောင်ရဲ့ သဘောထားအတိုင်း ရပ်တည်နေကြတယ်။ ဒီစစ်တပ်တခုလုံးကို လမ်းပေါ်တိုက်ပွဲတွေနဲ့ ရင်ဆိုင်လို့မလွယ်ပါ။ အခု သူတို့အချင်းချင်း မယုံကြည်နိုင်လို့ အခြေခံဥပဒေတွေရေးဆွဲပြီး ကိုယ့် အနေအထား ကို ခိုင်မာအောင်လုပ်၊ ရွေးကောက်ပွဲတွေလုပ်ပြီး လက်ပြောင်းလက်လွှဲ လုပ်ဖို့ကြိုးစားတယ်။ ပြည်သူအတွက် လုပ်ပေးနေတာ မဟုတ်လောက်ဘူး၊ သူ့အတွက်ဘဲ သူလုပ်နေတာပါ။ ဒီလိုအခြေအနေတွေမှာ ဒီမိုကရေစီ အုပ်စုတွေဘက်က အခွင့်အရေး ရနိုင်သလောက် ယူသင့်ပါတယ်။ မဆီမဆိုင်ကြားကနေ ပါတီကိုပါ ဖျက်လိုက်ရတော့မယ်ဆိုတော့ ညောင်ဦး ကမ်းပါးပြိုတာနဲ့ နွားမပေါင်ကျိုးတာ ဘာမှမဆိုင်သလို တကယ်ကိုမဖြစ်သင့်တဲ့ ကိစ္စဘဲ။

အခုသူတို့အခင်းအကျင်းမှာ ကြံ့ဖွတ်ကို ရှေ့တန်းတင်ထားပါတယ်။ ဧရာဝတီမှာ ကြံ့ဖွတ်ရဲ့ အခန်းကဏ္ဍကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့စစ်တခုလို ရပ်တည်နိုင်တယ်လို့ ထင်ကြေး ပေးထားပါတယ်။ ဒါပေမယ့် သတင်းတွေအရ ကြံ့ဖွတ်နာမည်နဲ့ နိုင်ငံရေးပါတီ ထူထောင်ဖို့ စီစဉ်နေတယ်ဆိုတော့ ပြည်သူ့စစ်လို အသုံးပြုမှာမူတ်ဘူးလို့ ယူဆနိုင်ပါတယ်။ ကျနော့အမြင်ကတော့ သူတို့နိုင်ငံရေးပါတီဖြစ်သွားတာ ပိုကောင်းပါတယ်။ ဥပဒေအရ ကျောထောက်နောက်ခံ မရှိတဲ့ပါတီတခုဆိုတာ သာမန် နိုင်ငံရေးပါတီ အဆင့်လောက်ဘဲ ရှိတော့မယ်လို့ တွက်ပါတယ်။ ဒါပေမယ့် သူတို့မှာလဲ တခြားအစီအစဉ်တွေရှိနိုင်ပါတယ်။ ဘယ်အစီအစဉ်ဘဲရှိနေနေ အခြေခံ ဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိမနေတာ ပိုပြီး စိတ်သက်သာပါတယ်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.