Transparency Myanmar

transparency.myanmar@gmail.com

BBC News, 17th February 2010

Dalai Lama သည် ကြာသပတေးနေ့တွင် အမေရိကန် သမ္မတ Barack Obama နှင့် တွေ့ဆုံရန် အမေရိကန် ပြည်ထောင်စု သို့ ရောက်ရှိ လာပြီ ဖြစ်သည်။ အဆိုပါ ကိစ္စကို တရုတ်က ကန့်ကွက်လျက် ရှိသည်။

အမေရိကန်နှင့် တရုတ်တို့ ဆက်ဆံရေး တင်းမာနေချိန်တွင် အဆိုပါ တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။ အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းခြင်း ကိစ္စ၊ တရုတ်၏ ဆိုက်ဘာ စပိုင် ကိစ္စ နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေး ကိစ္စများတွင် အငြင်းပွားဖွယ်များ ဖြစ်ပေါ်နေချိန် ဖြစ်သည်။

တရုတ်နိုင်ငံသည် Dalai Lama ကို ခွဲထွက်ရေး သမားဟု မြင်ပြီး၊ Dalai Lama နှင့် တွေ့ဆုံမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို အားနည်းစေမည် ဖြစ်ကြောင်း တရုတ်က သတိပေးခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် အဆိုပါ ကိစ္စကို သေချာစွာ ကိုင်တွယ်လျက် ရှိနေပြီး၊ ကြောက်ရွံ့နေရန် မလိုအပ် ဟု ဆိုသည်။

Dalai Lama သည် ဝါရှင်တန် သို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာရာ၊ ဟော်တယ်သို့ သွားရောက်ပြီး၊ တိဗက် လုပ်ဖော်ကိုင်ဖက်များနှင့် တရုတ်နှစ်သစ်ကူးကို ဆင်နွှဲခဲ့သည်။

Dalai Lama ၏ အထူး ကိုယ်စားလှယ် Lodi Gayari က ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းသည် အရေးကြီးမှုများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

Dalai Lama သည် အမေရိကန် သမ္မတအား တိဗက် ကိစ္စအား ဖြေရှင်းရာတွင် တိဗက်နှင့် တရုတ် လူမျိုးများ နှစ်ဦး နှစ်ဖက် အကျိုး ရှိစေမည့် အဖြေရှာနိုင်ရေး အတွက် အကူအညီ ပေးရန် တောင်းခံလိမ့်မည်ဟု ၎င်းက ဆိုသည်။

အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Robert Gibbs က ပြီးခဲ့သည့် အပတ်က Dalai Lama အား လက်ခံတွေ့ဆုံမှု အတွက် ဆုံးဖြတ်ချက် ချရခြင်း အပေါ် ကာကွယ် ပြောဆိုသွားရာတွင် ၎င်းသည် နိုင်ငံတကာ က လေးစားသော ဘာသာရေး ခေါင်းဆောင် ဖြစ်သောကြောင့် ဟု ဆိုသည်။

Gibbs က တရုတ် အမေရိကန် ဆက်ဆံရေးတွင် နိုင်ငံတကာ အရေးကိစ္စများ အတွက် တူညီသော အခြေခံ အချက်များ ရှာဖွေရာတွင် သဘော မတူမှုများ အတွက် လူကြီးဆန်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Obama သည် ယမန်နှစ်က တရုတ်နိုင်ငံ သို့ ၎င်း၏ တရားဝင် ခရီးစဉ် ရှိသောကြောင့် ဝါရှင်တန်တွင် Dalai Lama နှင့်တွေ့ဆုံရန် ရှောင်ရှားခဲ့သည်။

Obama သည် ကြာသပတေးနေ့တွင် အိမ်ဖြူတော်ရှိ နိုင်ငံခြား ခေါင်းဆောင်များနှင့် VIP ဧည့်သည်များအား လက်ခံ တွေ့ဆုံလေ့ ရှိသည့် ဘဲဥပုံ ရုံးခန်းတွင် လက်ခံ တွေ့ဆုံမည် ဖြစ်သည်။

Dalai Lama သည် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

တရုတ်သည် တိဗက်နှင့် ပတ်သက်သော ကိစ္စများတွင် အထိမခံ ဖြစ်လျက် ရှိရာ တရုတ် နိုင်ငံခြားရေး ဌာနက အမေရိကန်အား တရုတ် အမေရိကန် ဆက်ဆံရေးတွင် ထိခိုက်မှု မရှိစေရန် တွေ့ဆုံမှုအား ပယ်ဖျက်ရန် တိုက်တွန်းခဲ့သည်။

တရုတ်သည် ၁၉၅ဝ ခုနှစ်က တိဗက်ကို သိမ်းပိုက်ခဲ့ပြီး၊ Dalai Lama ကို ခွဲထွက်ရေး သမား အဖြစ် သတ်မှတ်ကာ ၎င်းအား နိုင်ငံတကာ ခေါင်းဆောင်များကို မတွေ့ဆုံရန် တောင်းဆိုပြီး အထီးကျန်အောင် ပြုလုပ်ရန် ကြိုးစားခဲ့သည်။

Dalai Lama သည် ၁၉၅၉ ခုနှစ် တွင် တိဗက်မှ ထွက်ပြေးလာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့သည်။

တရုတ်သည် အမေရိကန်မှ ထိုင်ဝမ်သို့ ဒေါ်လာ (၆.၄) ဘီလီယံ  ( ပေါင်စတာလင် ၄ ဘီလီယံ) တန်ဖိုးရှိ လက်နက်များ ရောင်းချခြင်း အတွက် ဝမ်းနည်းကြောင်း ဖော်ပြအပြီး မကြာမီ ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

Beijing သည် ထိုင်ဝမ်ကို တရုတ်၏ အချုပ်အချာ အာဏာပိုင်သည့် နယ်မြေ တစ်ခု အဖြစ် သတ်မှတ်ပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည် ပေါင်းစည်းရေး လုပ်မည်ဟု ယူဆထားသည်။

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု အတွက် အခြား အကြောင်းတစ်ခုမှာ ရှာဖွေရေး အင်ဂျင်ကြီး ဖြစ်သည့် Google သည် တရုတ်နိုင်ငံတွင်း၌ ရည်ရွယ်ချက် ရှိရှိဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများ၊ အင်တာနက် ဆင်ဆာများကို ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။

နောက်တစ်ချက်မှာ အချိန် ကြာမြင့်စွာကပင် အငြင်းပွားနေသော Obama ပေးသည့် တရုတ် ငွေကြေးအပေါ် ပိုမို အလေးပေး ကိုင်တွယ်ရန် အကြံပြုမှု အပေါ် တရုတ်၏ လျစ်လျူရှုမှု ဖြစ်သည်။ ကုန်သည် အချို့က တရုတ်ငွေကို ဟန်ဆောင်၍ အားနည်းအောင် လုပ်ထားသည်ဟု ဆိုသည်။

တချိန်တည်းတွင် အမေရိကန်သည် တရုတ်ကို အီရန်၏ နျူကလီယာ အစီအစဉ်ကြောင့် ကုလသမဂ္ဂ မှ အရေးယူရာတွင် ပါဝင် ထောက်ခံ ကူညီရန် အလိုရှိနေပြန်သည်။

အမေရိကန်က Dalai Lama ကို ထောက်ခံခြင်းကြောင့် တရုတ်တို့က စိတ်ဆိုးခြင်းမှာ ယခု အကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ပေ။

၂၀၀၇ ခုနှစ်က သမ္မတ Bush က Dalai Lama ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံပြီး၊ Dalai Lama အား ချီးမြှင့်သော ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ် ချီးမြှင့်ပွဲသို့ တက်ရောက်စဉ်က တရုတ်သည် စိတ် အနှောင့်အယှက် ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က အမေရိကန် သမ္မတသည် တိဗက် ခေါင်းဆောင်နှင့် အတူ တွဲ၍ လူအများရှေ့ ထွက်ပြခဲ့ခြင်းသည် ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment