Transparency Myanmar

transparency.myanmar@gmail.com

             အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများ၏ ဆန့်ကျင် ကန့်ကွက်မှုများ မည်သို့ပင် ရှိသော်ငြားလည်း မြန်မာနိုင်ငံတွင်း ဆည်နှင့် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ ဆောက်လုပ်ရေး စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်ရန် ထိုင်း အစိုးရက စီစဉ်နေပြီ ဖြစ်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် စမ်းသပ် လေ့လာမှု လုပ်ရမှာပါ။ အချိန် ကြန့်ကြာမယ် ဆိုပေမဲ့လည်း စီမံကိန်းကတော့ ပျက်သွားမှာ မဟုတ်ပါဘူး" ဟု ထိုင်းနိုင်ငံ စွမ်းအင် တည်မြဲရေး ဆိုင်ရာ ဌာန မှ အတွင်းရေးမှူး Pornchai Rujiprapa ၏ ပြောကြားချက်ကို ကိုးကား၍ The Nation သတင်းစာက ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံ သံလွင်မြစ်အနီး တည်ဆောက်မည့် ဟက်ကြီး ရေအားလျှပ်စစ် စက်ရုံ စီမံကိန်းကို ထိုင်းနိုင်ငံ၊ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေးဌာနက တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး အဆိုပါ စက်ရုံမှ လျှပ်စစ် စွမ်းအင် ၁ ဒဿမ ၃၅ ဂစ်ဂါဝပ် ထုတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေးနှင့် ထိုင်းနိုင်ငံသို့ သွယ်တန်းပေးပို့ရေး စသည့် လုပ်ငန်းများကို လာမည့် ၂၀၁၅ သို့မဟုတ် ၂၀၁၆ ခုနှစ်များတွင် စတင် လုပ်ကိုင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

သို့သော် အဆိုပါ စီမံကိန်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ ထားရသည်။

အဆိုပါ ရေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းခွင် လုံခြုံ စိတ်ချရေးအတွက် မြန်မာ စစ်တပ်က လုပ်ကိုင်ရာတွင် ထောင်ပေါင်း များစွာသော မြန်မာ ပြည်သူများ ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ရမည် ဖြစ်သည်ဟု The Nation သတင်းစာက ဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တိုင်းရင်းသား လူနည်းစုများ အခွင့်အရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့များ စုပေါင်းပြီး ထိုင်း ဝန်ကြီးချုပ် Abhisit Vejjajiva ထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။ ထိုင်းစွမ်းအင် ဝန်ကြီးဌာနက ဦးဆောင် အကောင်အထည် ဖော်နေသော ဟက်ကြီး ရေလှောင်တမံ ဆောက်လုပ် ရေး စီမံကိန်းကို ဝန်ကြီးချုပ် Abhisit အနေဖြင့် ပြန်လည် ရီဗျူးလုပ်ရန် အဆိုပါ စာတွင် တိုက်တွန်း ရေးသား ထားသည်။ လတ်တလော ကာလအတွင်း စွမ်းအင် ဝန်ကြီးဌာန အနေ ဖြင့် ဟတ်ကြီး ရေလှောင်တမံ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရေးအတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် ဝန်ကြီးချုပ်က အမိန့် ထုတ်ပြန်ခဲ့သည့် အတွက် ယင်းသို့ စာရေးသား ပေးပို့ခြင်း ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းအတွက် ဖွဲ့စည်းမည့် ကော်မတီတွင် ဘက်လိုက်မှုများ ရှိလာမည် ဖြစ်သည့် အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် တိုင်းရင်းသား အရေး လှုပ်ရှားသူ အဖွဲ့အစည်းများက ဆန့်ကျင် ကန့်ကွက်ကြသည်။

"ဟက်ကြီး ရေလှောင်တမံကို တည်ဆောက်မယ့် ထိုင်း လျှပ်စစ် စွမ်းအား ထုတ်လုပ်ရေး အဖွဲ့ကို ကြီးကြပ်ဖို့အတွက် စွမ်းအင် ဝန်ကြီးဌာနကို ပြန်ပြီး ကော်မတီ ဖွဲ့ခိုင်းတဲ့ ကိစ္စဟာ လက်သင့် ခံစရာကို မရှိပါဘူး" ဟု Asia Rivers Network မှ Pianporn Deetes က ပြောကြားသည်။

Asia River Network အဖွဲ့သည် သံလွင်မြစ် တစ်လျှောက် ရေအား လျှပ်စစ် စက်ရုံနှင့် ဆည်တမံ ဆောက်လုပ်ရေး စီမံကိန်းများကို ပြင်းပြင်းထန်ထန် ကန့်ကွက်လျက် ရှိသော လွတ်လပ်သည့် အဖွဲ့တစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းခန့် ဝယ်ယူ တင်သွင်းလျက် ရှိသည်။ ထိုင်း စွမ်းအင် ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက မိမိတို့ အနေဖြင့် အဆိုပါ ဟက်ကြီး စီမံကိန်းကို ပြန်လည် အကောင်အထည် မဖော်ပါက တရုတ်နိုင်ငံက ဝင်ရောက် ရယူသွားမည်ကို အထူးပင် စိုးရိမ်လျက် ရှိကြောင်း ထုတ်ဖော် ပြောဆိုသည်။

"တကယ်လို့ ထိုင်းအစိုးရကသာ ဒီစီမံကိန်းကို ဆက်ပြီး မလုပ်ဘူးဆိုရင် တရုတ်နိုင်ငံက အစားထိုး ဝင်ရောက် လုပ်ကိုင်သွားပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ စီမံကိန်းကို စတင်ရပါလိမ့်မယ်။ ဒါပေမဲ့လည်း ဆည်တမံ ဆောက်မယ့် ကိစ္စမှာ လူ့ အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်တာတွေ ရှိမရှိ အသေးစိတ် လေ့လာမှာ ဖြစ်တဲ့အတွက် အချိန်တော့ ကြာဦးမှာပါ" ဟု ၎င်းက ပြောသည်။

Burma Rivers Network အဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး အောက်တွင် အပြည့်အဝ ရောက်ရှိနေသည့် အဖွဲ့တစ်ခု ဖြစ်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၊ တိုင်းရင်းသား အခွင့်အရေး လှုပ်ရှားသော အဖွဲ့များ အနေဖြင့် ဆည်တမံ တည်ဆောက်ရေးနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ရယူရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။

အိမ်နီးချင်း နိုင်ငံများသည် မြန်မာနိုင်ငံတွင်း သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ ထိခိုက် နစ်နာမှုများအတွက် လျော်ကြေး မပေးရဘဲ လျှပ်စစ်စွမ်းအင် မြောက်မြားစွာ ရယူကာ အကျိုးအမြတ်များ ဖြစ်ထွန်းလျက် ရှိကြောင်း Burma Rivers Network က သုံးသပ် ပြောဆို သည်။

မြန်မာနိုင်ငံ၏ ကမ်းလွန်ဒေသရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များက နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများအတွက် စွဲမက်ဖွယ်ရာ များသဖွယ် ဖြစ်နေပါသည်။ ခန့်မှန်းချက် များအရ မြန်မာနိုင်ငံတွင် ထပ်မံ တူးဖော်၍ ရနိုင်သော အရန် ရေနံ ပမာဏမှာ စည်ပေါင်း ၃ ဒဿမ ၂ ဘီလီယံခန့် ရှိသည်။
UPI သတင်းဌာန၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment