Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုများတွင် အားနည်းချက်များ ကိုယ်စီ ရှိနေရာ ၎င်းတို့အနေဖြင့် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပရန် ရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ၏ ဖိနှိပ်မှုများနှင့် ပိုမို ရင်ဆိုင်လာရဖွယ် ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက သတိပေး ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုများသည် အတိုက်အခံ နိုင်ငံရေး ကဏ္ဍတွင် လွန်စွာ အရေးပါသော နေရာ၌ ရှိကြောင်း Amnesty International က ဆိုသည်။

သို့သော် တိုင်းရင်းသား လူနည်းစုများ၏ အခန်းကဏ္ဍကို ထိထိရောက်ရောက် အသိအမှတ် ပြုသည်မှာ လွန်စွာ နည်းပါးကြောင်း၊ အကြောင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အာရုံ စိုက်နေကြ၍ ဖြစ်ကြောင်း Amnesty International က သုံးသပ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းများအပေါ် ဖိနှိပ်သည် ဟူသော အချက်ကို မြန်မာ စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ဆိုသည်။ သို့တိုင်အောင် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အတိအကျကိုမူ အတိအလင်း ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

Amnesty က မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် တိုင်းရင်းသား လူနည်းစုများ ဖြစ်ရာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုတွင် ၎င်းတို့၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါကြောင်း၊ သို့တိုင်အောင် ဤအချက်ကို အသိအမှတ်ပြု လက်ခံသည်မှာ လွန်စွာ နည်းပါးကြောင်း ပြောကြားသည်။

တိုင်းရင်းသား လူနည်းစုများ အနေဖြင့် ဖိနှိပ်မှုများနှင့် ပိုမို ရင်ဆိုင်လာရဖွယ် ရှိသည် ဟူသော အချက်မှာ ငြင်း၍ မရကြောင်း၊ ယခုနှစ် ရွေးကောက်ပွဲအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မီဒီယာများက ဒေါ်အောင်ဆန်းစုကြည်နှင့်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုသာ အာရုံ စိုက်ကြလိမ့်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ Benjamin Zawacki က BBC သို့ ပြောသည်။

"မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ တိုင်းရင်းသား လူနည်းစုတွေကို အာရုံ မစိုက်ဘဲ တခြားကိစ္စတွေကိုပဲ အာရုံ စိုက်နေကြတာက များတယ်" ဟု ၎င်းက ပြောသည်။

"အဲဒီလို ဖြစ်နေတော့ စစ်အစိုးရ အနေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ပိုပြီး ဖိနှိပ် ချုပ်ခြယ်မှုတွေ ကောင်းကောင်း လုပ်နိုင်တော့တာပေါ့။ တိုင်းရင်းသားတွေထဲက အတိုက်အခံတွေကို ဖိနှိပ်မယ်။ ဘယ်သူကမှလည်း အရေးမစိုက်ကြတော့ စစ်အစိုးရ အနေနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ ရလာတာပေါ့" ဟု Benjamin Zawacki က ပြောကြားသည်။

မြန်မာ ပြည်သူလူထု အနေနှင့် နိုင်ငံရေး ဖြစ်စဉ်ထဲတွင် လွတ်လပ် ပွင့်လင်းစွာ ပါဝင်ခွင့် ရရှိနိုင်ရေးအတွက် အာဆီယံ အဖွဲ့နှင့် အိမ်နီးချင်း တရုတ်နိုင်ငံတို့က အလေးအနက်ထား လုပ်ဆောင်ပေးသင့်ကြောင်း Amnesty က တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူး သံတမန် Tomas Ojea Quintana ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာနေစဉ် အတွင်း Amnesty International က ယင်းသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရခိုင်ပြည်နယ် ဟူသည် ရိုဟင်ဂျာ လူမျိုးစုများ နေထိုင်ရာ ဒေသတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ ရိုဟင်ဂျာ အများစုမှာ မွတ်စလင်များ ဖြစ်ကြပြီး ၎င်းတို့သည် ယခုအခါ စစ်အစိုးရ၏ ဖိနှိပ် ချုပ်ခြယ်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများကို မခံနိုင်တော့၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။

Amnesty ၏ အဆိုအရ ရိုဟင်ဂျာတို့သည် ၂၀၀၇ ခုနှစ် အရေးအခင်းကို ဖြစ်ပွားအောင် ဦးဆောင်ခဲ့သောကြောင့် စစ်အစိုးရ၏ နှိပ်စက်မှုများကို ခံနေရကြောင်း၊ အဆိုပါ အရေးအခင်းတွင် ဆန္ဒပြသူများအား စစ်အစိုးရက အင်အားသုံး နှိမ်နင်းခဲ့ရာ အနည်းဆုံး လူပေါင်း ၃၁ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသ တစ်လျှောက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုက စစ်အစိုးရ၏ ဥပေက္ခာ ပြုမှု၊ လွဲမှားစွာ ကိုင်တွယ် ဖြေရှင်းမှုတို့ကို မကျေနပ်သောကြောင့် ဆယ်စုနှစ်များစွာ ကြာအောင် လက်နက်ကိုင် တိုက်ပွဲ ဝင်လာခဲ့ကြသည်။ အခြားသော အဖွဲ့အစည်းများမှာလည်း အတိုက်အခံ နိုင်ငံရေး အုပ်စုများ အသွင်ဖြင့် စစ်အစိုးရ၏ အုပ်ချုပ်မှုကို ဆန့်ကျင်လျက် ရှိသည်။

စစ်အစိုးရက ၎င်းကို ဆန့်ကျင်သူများကို နိုင်ထက်စီးနင်း ပြုသည့် နည်းလမ်းများ ကျင့်သုံးပြီး နှိမ်နင်းခဲ့ရာ ရွေးကောက်ပွဲ မတိုင်မီ ပိုမို ကြီးမားသော ဖိနှိပ်မှုကြီးများ ထွက်ပေါ်လာနိုင်သည်ဟု မစ္စတာ Benjamin Zawacki က ပြောသည်။

"လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဘယ်လို ဖြေရှင်းမှုမဆို တိုင်းရင်းသား လူမျိုးစုများရဲ့ အခွင့်အရေးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားပြီးမှ လုပ်ဆောင် သွားသင့်ပါတယ်" ဟုလည်း ဆက်လက် ပြောသည်။

Amnesty International က တိုင်းရင်းသား လူနည်းစု ၇ စုထဲမှ တက်ကြွစွာ လှုပ်ရှားသူ ၇၀၀ ခန့်ကို အင်တာဗျူး ပြုလုပ်ပြီးမှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

BBC သတင်းဌာန၏ Burmese groups repression risk ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment