Transparency Myanmar

transparency.myanmar@gmail.com

BBC News, 18th February 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မှတ်ပုံတင် မထားသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များကို ပြင်းထန်စွာ နှိမ်နှင်းခဲ့သည်ဟု နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီက စွပ်စွဲလိုက်သည်။

နေထိုင်သူ အရေအတွက် တိုးပွားလာသော အိမ်ရာမဲ့များ စခန်းတွင် လူသားချင်း စာနာမှု မရှိသော ပြဿနာများ ပေါ်ပေါက်နေသည်ဟု Medecins sans Frontieres (MSF) ကလည်း သတိပေးထားသည်။

ဒုက္ခသည် ထောင်ပေါင်းများစွာသည် မတရား ဆက်ဆံ ခံရမည်ကို ကြောက်ရွံ့စိတ်ဖြင့် စခန်းသို့ ရောက်လာခဲ့ကြသည်ဟု MSF က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ရဲအဖွဲ့က ရိုက်နှက် လိုက်သူများကို ဆေးကုသ ပေးနေရသည်ဟု အဆိုပါ ဆေးခန်းမှ ဆရာဝန်များက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း၌ ဆယ်စုနှစ် ၃ ခုခန့် အေးချမ်းစွာ နေထိုင်ခဲ့ရသော ရိုဟင်ဂျာ အများစုက ၎င်းတို့၏ အိမ်များ ဖျက်ဆီးခံရကြောင်းနှင့် နယ်ခြားစောင့် လုံခြုံရေး တပ်များကလည်း အတင်း မောင်းထုတ်လျက် ရှိကြောင်း တိုင်ကြားထားသည်။

၎င်းတို့အား နိုင်ငံသား အဖြစ် အသိအမှတ် မပြုသော မြန်မာနိုင်ငံသို့ ပြန်ရန် ရိုဟင်ဂျာများက ငြင်းဆန်ကြပြီး ပိုမို ဆိုးဝါးစွာ ဆက်ဆံခံရမည်ဟု ၎င်းတို့က ပြောကြားသည်။

နှိမ်နှင်း ဖြိုခွဲမှု စတင်သော အောက်တိုဘာလမှ စ၍ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း နယ်မြေများမှ ဒုက္ခသည် ၆၀၀၀ ခန့် ကူတူပလောင်း စခန်းသို့ ရောက်ရှိလာကြသည်ဟု MSF က ဆိုသည်။

ပိုမို နက်ရှိုင်းလာသော ပြဿနာများ

လိုအပ်သော အခြေခံ ဖြည့်ဆည်းမှုများ မရှိသည့် ပြွတ်သိပ်၊ ညစ်ပတ်နေသော နေရာတွင် လူပေါင်းများစွာ ရောက်ရှိနေကြသည်ဟု ပြောဆိုသူမှာ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ MSF  မစ်ရှင် အကြီးအကဲ  Paul Critchley  ဖြစ်သည်။

၎င်းတို့ ဘာသာ ရှင်သန် နေထိုင်ရန် အတွက် အလုပ်လုပ်ခြင်းကို တားမြစ် ပိတ်ပင်ထားပြီး ကယ်ဆယ်ရေး ရိက္ခာကိုပင် ခွင့်ပြုခြင်း မရှိပါ။ ဒုက္ခသည် အရေအတွက် များလာပြီး လိုအပ်သော ရင်းမြစ်များ ပိုမို ရှားပါးလာသည့် အတွက် ပြဿနာများ ကြီးထွားလာမည်ကို အလွန်အမင်း စိုးရိမ် ပူပန်သည်ဟု ၎င်းက ဆိုသည်။

ဘန်ကောက် အခြေစိုက် ကယ်ဆယ်ရေး အဖွဲ့  Arakan Project  က ယခု အပတ် ထုတ်ပြန်သော အစီရင်ခံစာတွင်လည်း အလားတူ သတင်း အချက်များကို ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အကာအကွယ်မဲ့ ရိုဟင်ဂျာများ အပေါ်တွင် လူသားချင်း မစာနာသော ကပ်ဘေးကြီး ဆိုက်ရောက်လျက် ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

မှတ်ပုံတင်ထားခြင်း မရှိသော ရိုဟင်ဂျာ ဒုက္ခသည်များ အပေါ် စားနပ်ရိက္ခာနှင့် အသက်မွေး ဝမ်းကျောင်းခွင့်များ ဆက်လက် ပိတ်ပင် တားဆီးခြင်းနှင့် အပြင်းအထန် နှိပ်ကွပ်မှုများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ချက်ချင်း မရပ်ဆိုင်းပါက အခြေအနေများ ပိုမို ဆိုးဝါး ယိုယွင်း လာလိမ့်မည် ဟုလည်း ဖော်ပြထားသည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်မြောက် ဒေသများမှ ဖြစ်၍ ဘင်ဂါလီ စကား ပြောဆိုသူများ ဖြစ်သည်။

မြန်မာ အစိုးရက ၎င်းတို့ကို နိုင်ငံသား အဖြစ် အသိအမှတ် မပြုသလို ကိုယ်ပိုင် နယ်မြေပေးရန် ငြင်းဆန်ထားသောကြောင့် ရိုဟင်ဂျာများမှာ ကမ္ဘာပေါ်တွင် အဖိနှိပ် ခံရဆုံးနှင့် ငြင်းပယ် ခံရဆုံး လူသားများ ဖြစ်နေသည်။

၎င်းတို့အား ခွင့်ပြုချက် မရှိဘဲ ခရီးသွားလာခြင်း၊ လက်ထပ်ခြင်းများကိုလည်း ပိတ်ပင်ထားသည်။

လတ်တလောတွင် တရားမဝင် နေထိုင်သူများ အဖြစ် လူဦးရေ ၂ သိန်းခန့် ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ၎င်းတို့ကို ကြိုဆိုခြင်း မရှိသလို အလုပ် လုပ်ကိုင်ခွင့်၊ ကျန်းမာရေးနှင့် ပညာသင်ခွင့်များလည်း မရှိကြပါ။

လောလောဆယ် ၎င်းတို့ နေထိုင်နေသော ဒေသသည် ဘင်္ဂလားဒေ့ရှ်တွင် အဆင်းရဲဆုံး နိုင်ငံ ဖြစ်၍ ရိုဟင်ဂျာများသည် ဒေသတွင်း ရင်းမြစ်များကို ဖောက်စားနေကြောင်း၊ အလုပ်အကိုင်များကို လုယူနေကြောင်း၊ ရာဇဝတ်မှုများနှင့် မှောင်ခို လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြောင်း ဒေသခံ အသိုင်းအဝိုင်းက ကန့်ကွက် တိုင်ကြားမှုများ ရှိနေသည်။

ဒုက္ခသည် ၃၀၀၀၀ ခန့်မှာ ကုလ သမဂ္ဂမှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုမှုကို လက်ခံရရှိသော်လည်း အဆိုပါ အခွင့်အရေးကို မရရှိသော အများစုမှာ ဘင်္ဂလားဒေ့ရှ် အစွန်အဖျား ကျေးရွာများ၊ အိမ်ရာမဲ့ စခန်းများတွင် အလွန် ဆိုးဝါးသော အခြေအနေ၌ ရှင်သန် နေထိုင်ရသည်။

၎င်းတို့အား ထိထိရောက်ရောက် အကာအကွယ် ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့်  UNHCR ကို MSF က တောင်းဆိုလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment