Transparency Myanmar

transparency.myanmar@gmail.com

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း ဒေသရှိ မြန်မာ မွတ်စလင် ဒုက္ခသည် စခန်းများ၏ လက်ရှိ အခြေအနေကို သိရှိနိုင်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဥရောပ ပါလီမန် ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှု လေ့လာကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဥရောပ ပါလီမန်မှ ကိုယ်စားလှယ် အဖွဲ့သည် ကောက်ပဇားမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ဥရောပ ပါလီမန် အနေဖြင့် နှစ်ဆန်းပိုင်း ကာလတိုင်းတွင် ဒုက္ခသည်စခန်းများသို့ ပုံမှန် သွားရောက် လည်ပတ်လေ့ ရှိသည်။

"ဥရောပ ပါလီမန် ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူး သံတမန် မစ္စတာ Quintana ရဲ့ ခရီးစဉ်နဲ့ ပတ်သက်မှု မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်" ဟု UNHCR မှ အရာရှိ တစ်ဦးက ပြောကြားသည်။

မစ္စတာ Quintana သည်သည် ဖေဖော်ဝါရီလ ၁၅ ရက် နေ့တွင်ပင် မြန်မာနိုင်ငံသို့ ငါးရက်တာမျှ အလည်အပတ် ခရီးစဉ်ကို စတင်ခဲ့သည်။ ယခုအခါ ၎င်းသည် ရခိုင် ပြည်နယ်သို့ သွားရောက်ပြီး မွတ်စလင် လူထု၏ အခြေအနေကို ကြည့်ရှု လေ့လာလျက် ရှိသည်။

ဥရောပ ပါလီမန် ကိုယ်စားလှယ်များသည် Kutupalong ဒုက္ခသည် စခန်းသို့ နံနက် ၁၀ နာရီ ခန့်တွင် သွားရောက်ခဲ့ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒုက္ခသည် စခန်းကို ဥရောပ ပါလီမန် ကိုယ်စားလှယ်တွေ ရောက်လာတယ်။ ဒုက္ခသည်တွေကိုလည်း ဒီမှာ ရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးကြတယ်။ နောက်ပိုင်းမှာ မွတ်စလင် ဒုက္ခသည် စခန်းအတွက် အကူအညီတွေ ပိုပေးမယ်လို့လည်း သူတို့က ကတိပေးခဲ့ကြတယ်" ဟု Kutapalong ဒုက္ခသည် စခန်းမှ ဆရာတစ်ဦးက ပြောသည်။

အဆိုပါ ဒုက္ခသည် စခန်းမှ မြန်မာ မွတ်စလင် ဒုက္ခသည်များက ၎င်းတို့အား ဥရောပ ပြန်လည် နေရာ ချထားရေး အစီအစဉ် အောက်တွင် ရှိသော တတိယနိုင်ငံများသို့ ပို့ပေးရန် ကိုယ်စားလှယ်များကို တောင်းဆိုခဲ့ကြသည်ဟု စုံစမ်း သိရသည်။

"ဒုက္ခသည် စခန်းတွေဟာ လက်ရှိ အနေအထားမှာ အတော့်ကို အခြေအနေ ဆိုးရွားနေပါတယ်။ ကျွန်တော်တို့လည်း ဒီမှာ မနေချင်တော့ဘူး။ ဒီစခန်းရဲ့ အပြင်ဘက်ကိုလည်း ထွက်ဖို့ အခွင့်အရေး မရှိပါဘူး။ ဒီမှာ နေရတာ အကျဉ်းထောင်မှာ နေရသလိုပါပဲ။ နောက်ပြီး မြန်မာပြည်ကိုလည်း ကျွန်တော်တို့ ပြန်လို့ မရဘူး။ အဲဒါကြောင့် တတိယနိုင်ငံ တစ်ခုခုကို ခေါ်သွားဖို့အတွက် သူတို့ကို တောင်းဆိုလိုက်တာပါ" ဟု ၎င်းက ပြောသည်။

ဒုက္ခသည် စခန်းများရှိ မြန်မာ မွတ်စလင်များအတွက် ပြန်လည် နေရာ ချထားပေးရေး အစီအစဉ်မှာ ယခုအထိ အကောင်အထည် ဖော်နေဆဲ ဖြစ်သည်။ ဒုက္ခသည် အတော်များများမှာ ကနေဒါ၊ ဗြိတိန်၊ သြစတြေးလျနှင့် အခြားသော ဥရောပ နိုင်ငံများသို့ ပြောင်းရွှေ့ သွားကြပြီ ဖြစ်သည်။

Kutapalong နှင့် Nayapara ဒုက္ခသည် စခန်းများတွင် ကုလသမဂ္ဂသို့ မှတ်ပုံတင် ထားသော ဒုက္ခသည် ၂၅၀၀၀ ရှိသည်။ မှတ်ပုံတင် ထားခြင်း မရှိသော အခြား ဒုက္ခသည် ၄၀၀၀၀ ခန့် မှာ အဆိုပါ စခန်းများ၏ ပြင်ပတွင် ခိုကပ် နေကြရသည်။

သတင်း ရင်းမြစ်များ အဆိုအရ ဒုက္ခသည် မှတ်ပုံတင် အမှတ် ၆၆၁၀ ကိုင်ဆောင်သော Sohshu Arlong ဆိုသူမှာ စခန်းတွင်း အခြေအနေများကို ဥရောပ ပါလီမန် ကိုယ်စားလှယ် များကို ထုတ်ဖော် ပြောဆိုခဲ့မိသည့် အတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့၏ ရိုက်နှက် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

Narinjara News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment