Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 18th February 2010

          လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုများကို စစ်ဆေး အကဲဖြတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ ကိုယ်စားလှယ်သည် လတ်တလော လွတ်မြောက်လာသော အတိုက်အခံ ခေါင်းဆောင်နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံမည် ဖြစ်ပြီး အထိန်းသိမ်းခံ နေရဆဲ ဖြစ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် ကြိုးစားနေသည်ဟု အတိုက်အခံ ပါတီ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

          ၅ ရက်ကြာ ခရီးစဉ်အတွက် တနင်္လာနေ့က ရောက်ရှိလာခဲ့သော ကုလ ကိုယ်စားလှယ် Tomas Ojea Quintana သည် ၇ နှစ် နီးပါး အကျယ်ချုပ် ကျခံပြီး စနေနေ့က လွတ်မြောက်လာသော NLD ပါတီ ဒုတိယ ခေါင်းဆောင် ဦးတင်ဦးနှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

          တိုက်ပွဲဝင် ဆုတံဆိပ် များစွာ ရရှိခဲ့ဖူးသော ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး (အသက် ၈၂ နှစ်) က အလည်အပတ် ရောက်ရှိနေသော ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ကြိုဆိုသည့် အနေဖြင့် "ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖွဲ့တွေ များများလာလေ၊ တိုင်းပြည် အတွက် ပိုကောင်းလေပါပဲ" ဟု ပြောကြားလိုက်သည်။

          ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် စိတ်ချရသော လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်သူ ဦးတင်ဦးသည် ဖမ်းဆီး မခံရမီအထိ ဒီမိုကရေစီ အရေး လှုံ့ဆော်ရန် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ နိုင်ငံအနှံ့ ခြေဆန့်ရာတွင် တောက်လျှောက် လိုက်ပါခဲ့သူ ဖြစ်သည်။

          Quintana သည် အတိုက်အခံ ပါတီ ဗဟို ကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်သော အချိန် ကြာမြင့်စွာ အကျဉ်းကျခံခဲ့ရသည့် ဦးဝင်းတင်နှင့်လည်း တွေ့ဆုံမည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

          ဦးဝင်းတင်သည် ရန်ကုန် အင်းစိန်ထောင်တွင် အကျဉ်းကျ ခံနေစဉ်က Quintana နှင့် တစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။ Quintana သည် မြန်မာနိုင်ငံ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်တွင် အကျဉ်းသားများ၊ ဒေသခံ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီးနောက် ကြာသပတေးနေ့တွင် ရန်ကုန်သို့ ပြန်လာရန် စီစဉ်ထားသည်။

          ဆက်လက်၍ Quintana သည် မြန်မာနိုင်ငံမှ မထွက်ခွာမီ ပြည်ထဲရေး ဝန်ကြီး အပါအဝင် အဓိက အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် အတွက် အုပ်ချုပ်ရေး မြို့တော် နေပြည်တော်သို့ သောကြာနေ့တွင် သွားရောက်ရန် မျှော်လင့်ထားသည်။

          ကုလ အထူး ကိုယ်စားလှယ်သည် နေအိမ်တွင် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုထားပြီး၊ ပြီးခဲ့သော ခရီးစဉ်များတွင်လည်း ၎င်းအား သူမနှင့် တွေ့ဆုံခွင့် မပေးခဲ့ပါ။

          ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် လူစိမ်း ဧည့်သည် တစ်ဦးအား တည်းခိုခွင့် ပေးမှုဖြင့် ယမန်နှစ်က နေအိမ် အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ချမှတ်ခံရပြီး အဆိုပါ တရားစွဲဆိုမှုကြောင့် မြန်မာ အစိုးရအား နိုင်ငံတကာက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment