Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 17th February 2010

ပြီးခဲ့သည့် သီတင်းပတ် ရန်ကုန် တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခြင်း ခံခဲ့ရသည့် မြန်မာလူမျိုး အမေရိကန် နိုင်ငံသား ညီညီအောင်၏ ကိစ္စကို စုံစမ်း စစ်ဆေးရန် မတော် မတရား ဖမ်းဆီးမှု ဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်း ကော်မတီအား ဝါရှင်တန် အခြေစိုက် အဖွဲ့အစည်း  Freedom Now  က တောင်းဆို လိုက်သည်။

စာမျက်နှာ ၁၇ မျက်နှာ ပါသော မေတ္တာ ရပ်ခံလွှာကို ကုလသမဂ္ဂ အဖွဲ့ထဲမှ ညီညီအောင်နှင့် စေ့စပ်ထားသူ ဝါဝါကျော်၏ ကိုယ်စား တင်သွင်းခဲ့ခြင်း ဖြစ်ပြီး သူမက ''နိုင်ငံရေး လှုပ်ရှားမှုတွေ အတွက် လူတွေကို ဆက်ပြီး ဖမ်းဆီးလို့ မရတော့ဘူးလို့ စစ် အစိုးရက သဘောပေါက်လာအောင် ကုလသမဂ္ဂက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် '' ဟု ပြောကြားခဲ့သည်။

''ညီညီအောင်ရဲ့ လူကျန်းမာရေးနဲ့ စိတ် ကျန်းမာရေး နှစ်မျိုး စလုံးအတွက် ကျွန်တော်တို့ အရမ်း စိတ်ပူနေပါတယ်။ သူ့ရဲ့ ထောင် ၃ နှစ် ပြစ်ဒဏ်မှာ အလုပ်ကြမ်း ပြစ်ဒဏ် ပါနေသလို အကျဉ်းသားတွေ အစားအစာနဲ့ ဆေးဝါး ရရှိနိုင်တဲ့ ထောင်ဝင်စာ တွေ့ခွင့်ကို အစိုးရက မတော် မတရား ပိတ်ပင်ထားလို့ ဖြစ်ပါတယ်'' ဟု Freedom Now ၏ နာယက Jared Genser က ပြောကြားသည်။

ညီညီအောင်သည် နိုင်ငံသား စိစစ်ရေးကတ် အတု ကိုင်ဆောင်မှု၊ တရားမဝင် ငွေကြေး လက်ဝယ် တွေ့မှု၊ ၂၀၀၂ ခုနှစ် အမေရိကန် နိုင်ငံသား အဖြစ် ခံယူစဉ်က မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ကြောင်း ကြေညာရန် ပျက်ကွက်မှု တို့ဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။ ညီညီအောင် အား သမာသမတ် ကျကျ မစစ်ဆေးဘဲ မှန်ကန် မျှတမှု မရှိသည့် တရားရုံးတွင် စစ်ဆေး၍ ပြစ်ဒဏ်ပေးခဲ့သည် ဟု Freedom Now  က မေတ္တာ ရပ်ခံလွှာတွင် ဖော်ပြထားသည်။

ညီညီအောင်သည် ၎င်း၏ ရှေ့နေများဖြင့်လည်း တွေ့ဆုံခွင့် မရသဖြင့် ခုခံ ကာကွယ်ရန် လုံလောက်သော ပြင်ဆင်ခွင့် မရခဲ့ပါ။ အစိုးရ အမှုလိုက် အရာရှိက သက်သေများ တင်ပြခဲ့သော်လည်း ညီညီအောင်ကိုမူ ခုခံ လျှောက်လဲရန် သက်သေများကို ခွင့်မပြုခဲ့ဟု သိရသည်။

"အစိုးရ အမှုလိုက်က တရားလိုပြ သက်သေ ၁၆ ယောက်လောက် တင်ပြခွင့်ရတဲ့ အချိန်မှာ ညီညီအောင်က သက်သေ ၂ ယောက်ပဲ တင်ပြခွင့် ရခဲ့ပါတယ်" ဟု  Freedom Now  က စွပ်စွဲလိုက်သည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ပြစ်ဒဏ် ချမှတ် အပြီးတွင် ညီညီအောင်အား အင်းစိန်ထောင်မှ ပြည် အကျဉ်းထောင်သို့ ပြစ်ဒဏ် စတင် ကျခံရန် ပြောင်းရွှေ့လိုက်သည်။ ထောင်ဝင်စာ မှန်မှန်တွေ့ခွင့် မရစေရန်နှင့် ၎င်း၏ အခြေအနေနှင့် ပတ်သက်သော သတင်းများ မီဒီယာများသို့ မပေါက်ကြားစေရန် ရန်ကုန်နှင့် ဝေးသော ဒေသသို့ ပို့လိမ့်မည်ဟု ယုံကြည်ရကြောင်း Freedom Now  က ပြောကြား လိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment