ပြည်ပ မြန်မာအလုပ်သမား သမဂ္ဂများ၏ အဆိုအရ ယနေ့ခေတ် မြန်မာနိုင်ငံတွင်းမှ အလုပ်သမားများ၏ အလုပ်သမား အခွင့်အရေးနှင့် လူမှု လုံခြုံရေး အစရှိသည်တို့ ရရှိနိုင်ရန် အလုပ်သမား သမဂ္ဂများ လိုအပ်လျက် ရှိကြောင်း သိရသည်။
မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) တို့သည် မကြာသေးခင်က ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်တွင် ဖြစ်ပွားခဲ့သော အလုပ်သမားများ ဆန္ဒပြမှုကို အသေးစိတ် သိရှိရန် စုံစမ်းလျက် ရှိသည်။
သတင်းများအရ လှိုင်သာယာ စက်မှုဇုန်ရှိ Tayi ဖိနပ်စက်ရုံ၊ ကြာမင်း၊ အိုပယ်-၂ (မြအထည်ချုပ်) စသည့် စက်ရုံများမှ အလုပ်သမားများ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုကို မကျေနပ်သောကြောင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည် ဟုဆိုသည်။
"မြန်မာနိုင်ငံမှာ လူမှု လုံခြုံရေးစနစ်တွေ အားနည်းနေပါတယ်။ အလုပ်သမား တွေအတွက် အာမခံ စနစ်တွေ မရှိဘူး။ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ ကန်ထရိုက် စာချုပ်တစ်ခု ရှိသင့်ပေမယ့်လည်း အခုထိ ဘယ်စက်ရုံမှာမှ အဲဒီလို စာချုပ် ချုပ်တာ မရှိဘူး။ အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးမယ့် သမဂ္ဂတွေ မရှိသလို အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးမယ့်အဖွဲ့အစည်းတွေလည်း မရှိပါဘူး။ အဲဒီလို အဖွဲ့အစည်းတွေ မရှိတော့ ပြဿနာ အသေးလေးတွေက တဖြည်းဖြည်း ကြီးထွားလာပြီး လူမှုရေး အလှုပ်အယမ်းတွေ အထိ ဖြစ်လာနိုင်ပါတယ်" ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မှ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္ဈိမ သတင်းဌာနသို့ ပြောသည်။
FTUB မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က "ကျွန်တော်တို့ ကြားသိ ထားသလောက် ပြောရရင် အလုပ်ရှင်တွေက အလုပ်သမားတွေကို အားလပ်ရက် မပေးပါဘူး။ အလုပ်ပျက်ရက် တစ်ရက်မှ မရှိတဲ့ သူတွေကို တစ်လကို ကျပ် ၄၈၀၀၀ ပဲ ပေးတယ်။ ပြောရရင် အဲဒီ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေက မြန်မာပြည်မှာ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခြေအနေကို အခွင့်ကောင်း ယူပြီး ခေါင်းပုံဖြတ်ခွင့် ရနေတာပါပဲ" ဟု ပြောသည်။
အဆိုပါ နေ့တွင်ပင် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဦးနေလင်း၊ စစ်ဒေသမှူး ဗိုလ်မှူးကြီး တင့်ဆန်း၊ အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် တို့က စက်ရုံသို့ သွားရောက်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ် ခဲ့ကြသည်ဟု သိရသည်။
လွန်ခဲ့သော ၁၉၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှ သခင်ခေါင်းဆောင် လေးမောင်နှင့် သခင် ဘ တို့သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ကွန်ဂရက်ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး အလုပ်သမားတို့အကြား ဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သည်။ သို့သော် ဂျပန်တို့ ဝင်ရောက်လာသောအခါ အဆိုပါအဖွဲ့ကို ပိတ်ပင်လိုက်ပြီး အလုပ် သမား အဖွဲ့ဟု ပြောင်းလဲ ဖွဲ့စည်းစေခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အပြီးတွင် အလုပ်သမား အဖွဲ့က မြန်မာပြည် အလုပ်သမား သမဂ္ဂ ကွန်ဂရက် (TUCB) ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့ပြန်သည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာ သိမ်းပိုက်လိုက်ပြီး နောက်ပိုင်းတွင် မည်သည့် အလုပ်သမား အသင်းနှင့် သမဂ္ဂတို့ကိုမျှ လုပ်ကိုင်ဖွဲ့စည်းခွင့် မပြုတော့ပေ။ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ၎င်းတို့၏ အုပ်ချုပ်မှု အောက်တွင် အလုပ်သမားနှင့် လယ်သမား အဖွဲ့များကိုသာ ဖွဲ့စည်းစေခဲ့သည်။
အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားခွင့် ရရှိစဉ် အချိန်က အဆိုပါ အဖွဲ့များသည် အလုပ်သမား ပြဿနာများကို ဖြေရှင်းရာတွင် သြဇာ အင်အား ကြီးမားခဲ့ပြီး အလုပ်သမား အခွင့်အရေးအတွက် ကာကွယ်မှုများ ပေးနိုင်ခဲ့သည်။ အခွင့်အရေးများ ရရှိအောင်လည်း တိုက်ပွဲ ဝင်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိသည့် သမဂ္ဂများ မရှိတော့ပေ။ သို့အတွက်ကြောင့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ အမျိုးသမီး စသည့် မတူညီသော လူတန်းစားများ၏ အခွင့်အရေးအတွက် လုပ်ကိုင်ပေးသော အဖွဲ့အစည်းများသည် မြေအောက် လှုပ်ရှားမှု အသွင်ဖြင့်သာ လည်ပတ် နေကြရသည်။ သို့သော်လည်း အဆိုပါ အရေးကိစ္စများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိပေ။
Mizzima သတင်းဌာန၏ Burma badly needs trade unions for workers ကို ဘာသာ ပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.