Transparency Myanmar

transparency.myanmar@gmail.com

Editorial by The Nation, 19th February 2010

          မြန်မာနိုင်ငံတွင် လက်ရှိ စစ်ဖက် အစိုးရ၏ ကမ္ဘာကြီးကို အရူးလုပ်ရန် နိုင်ငံရေး လှည့်ဖြားမှုများ တစ်ရက်ပြီး တစ်ရက် ကြံစည် ပြုလုပ် အချိန်ဖြုန်းနေသော နိုင်ငံမျိုး ယနေ့ ကမ္ဘာပေါ်တွင် မရှိပါ။ အတိုက်အခံ NLD ပါတီ၏ ဝါရင့် ခေါင်းဆောင် ဦးတင်ဦးကို လတ်တလော ပြန်လွှတ် ပေးလိုက် ခြင်းသည် ပိုမို မှုန်ဝါးလာသည့် နိုင်ငံရေး အနေအထားများ ကြားတွင် သတင်းကောင်း တစ်ခု ဖြစ်နိုင် သည်။

NLD ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် ဝါရင့် ခေါင်းဆောင် ဦးတင်ဦးသည် ၂ဝဝ၃ ခုနှစ်မှ စ၍ အချိန်ကြာမြင့်စွာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည်။ ထူးဆန်း သော အချက်မှာ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား တစ်ဦး လွှတ်ပေးသည့် အချိန်တိုင်း ကမ္ဘာ တစ်ဝှမ်းတွင် ခေါင်းကြီးပိုင်း သတင်းများ ဖြစ်လာခြင်း ဖြစ်သည်။ ယခု ဦးတင်ဦး၏ ကိစ္စတွင် ၎င်းအား နေအိမ် အကျယ်ချုပ် ဖမ်းဆီး မထားသင့်ကြောင်း ပထမဦးစွာ တင်ပြလိုသည်။

          နေပြည်တော် အစိုးရသည် နိုင်ငံတကာရှိ လူထု သဘောထားကို မရိုးဖြောင့်စွာ ဆက်လက် လှည့်စားနေသော အချက်သည် အလွန်ပင် ထင်ရှားပြီး အထူးသဖြင့် မြန်မာနိုင်ငံ အတွင်းရှိ အနေ အထားများကို လွှမ်းမိုး ချုပ်ကိုင်နိုင်သော အနောက် မီဒီယာများကို ရည်ရွယ်ပုံ ရသည်။ နှစ်ပေါင်း အတန်ကြာခဲ့သည့် တိုင်အောင် ကြောင်နှင့် ကြွက် ပြေးတမ်းလိုက်တမ်း ကစားပွဲမှာ မပြီးဆုံး နိုင်သေးပါ။ ယခင်နှစ် နောက်ဆုံး လေးလပတ် အတွင်း အမေရိကန်၊ မြန်မာ အဆင့်မြင့် အရာရှိများ အကြား ကနဦးက ရည်ရွယ်ချက်ကောင်း ရရှိခဲ့သော်လည်း အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲများကို ရည်ရွယ် လှုပ်ရှားနေသည့် အနာဂါတ် အလားအလာ များမှာ ယခုအချိန်တွင် အရင်အတိုင်း အလှမ်းဝေးနေဆဲ ဖြစ်သည်။

          ဝါရှင်တန်သည် ပထမဆုံး အကြိမ် ကြိုးစားမှု အဖြစ် မြန်မာ အစိုးရနှင့် ထိထိရောက်ရောက် ဆွေးနွေးရန် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲခဲ့သော်လည်း အဆိုပါ အနေအထားကို နေပြည်တော်က အကြီးအကျယ် အသုံးချ လှည့်ဖြားခဲ့သည်။ ဆယ်စုနှစ် အတန်ကြာ မြန်မာအစိုးရ၏ လက်တလုံးခြား လှည့်စားမှုများ အပြီးတွင် အမေရိကန်၏ မူဝါဒသစ် ခက်ခက်ခဲခဲ ထွက်ပေါ်လာခြင်းသည် အံအားသင့်ဖွယ် ဖြစ်သည်။ စေတနာနှင့် ရည်ရွယ်ချက်ကောင်း ပါးပါးလေးမျှသာ ရှိသည့် မြန်မာအစိုးရနှင့် ဆက်ဆံနေရသော အမေရိကန် ပြည်ထောင်စုမှာ လက်ရှိ ခဲယဉ်းစွာ ဆောင်ရွက် နေရသော အနေအထား ဖြစ်သည်။ မြန်မာနိုင်ငံ အဖွဲ့ဝင် အဖြစ် ပါဝင်နေသော အာဆီယံ အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံ ပြဿနာတွင် ပိုမို အကူအညီ ပေးလိမ့်မည် ဟူသော ဝါရှင်တန်၏ မျှော်လင့်ချက်မှာလည်း ယခုအချိန်တွင် ရေစုန်မျော သွားပြီ ဖြစ်သည်။ အမှန်စင်စစ် အာဆီယံ၏ အလှည့်ကျ သဘာပတိသစ် ဗီယက်နမ်မှာလည်း မြန်မာနိုင်ငံကို ဖိအားပေးနိုင်သည့် အနေအထား မရှိပါ။

          ထိုင်းနိုင်ငံ အာဆီယံ သဘာပတိ ဖြစ်စဉ်ကမူ မြန်မာအစိုးရ အတွက် စိတ်ညစ်ညူးဖွယ် အကျပ်အတည်းများ တွေ့ကြုံခဲ့ရသည်။ အကြောင်းမှာ ဘန်ကောက် အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် အဆက်မပြတ် ဖိအား ပေးခဲ့သောကြောင့် ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် အားလုံး၏ စိုးရိမ်ပူပန်မှု အဖြစ် ပေါ်ထွက်လာသင့် သည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းချက်များကို ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဘရူနိုင်းတို့က ပံ့ပိုးရန် ငြင်းဆန်ခဲ့ကြသည်။ အာဆီယံ အနေဖြင့် ၂၀၀၇ ခုနှစ်က လုပ်ဆောင်ဖူးသည့် အတိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဖိအားပေးရေး၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲများကို ထောက်ခံ လှုပ်ရှားရေး စသည့် ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ရန် အာဆီယံ အဖွဲ့ဝင်များကို တောင်းဆိုနိုင်မည့် အခွင့်အရေးမှာ ဗီယက်နမ် သဘာပတိ ဖြစ်လာသော ယခုနှစ်တွင် မမျှော်လင့် နိုင်တော့ပါ။

          ယခုအချိန်မှ စ၍ မြန်မာအစိုးရသည် ၎င်းတို့ ဝါဒဖြန့် ကြွေးကြော်ထားသည့် အတိုင်း ရှေ့ဆက်ရန် လွတ်လပ်ခွင့် ရရှိသွားပြီ ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင် ဖြစ်နေသည့် အခွင့်အလမ်းကိုလည်း ကြော်ငြာထိုးရန် အသုံးချပါလိမ့်ဦးမည်။ ဟနွိုင်း အစိုးရမှာလည်း သူ့အရပ်နှင့် သူ့ဇာတ် ဆိုသလို လုပ်ကိုင်နေသည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အရှုပ်အထွေးတွင် အာဆီယံ ပါဝင်ခြင်းကို ဗီယက်နမ်က သဘောတူမည် မဟုတ်သလို ၎င်းကိုယ်တိုင်လည်း ပတ်သက်လိုသည့် ဆန္ဒရှိမည် မဟုတ်ပါ။ ထို့အပြင် ဗီယက်နမ် လူမျိုး ရှေ့နေ လီကောင်ဒင်း အပါအဝင် အခြား လူ့အခွင့်အရေး လှုပ်ရှားသူများကို လတ်တလော ဖမ်းဆီးခဲ့ခြင်းကြောင့် ဟနွိုင်း အစိုးရ၏ တစ်ချိန်က ရှိခဲ့ဖူးသော စိတ်စေတနာနှင့် အကောင်းဆုံး ပုံရိပ်များမှာ ဝါရှင်တန်နှင့် ကမ္ဘာ့ ဗိုလ်ပုံ အလယ်တွင် အကြီးအကျယ် သိက္ခာ ကျဆင်းခဲ့ရပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ်၏ လက်ကျန် လပိုင်းများတွင် ဗီယက်နမ်သည် အာဆီယံ အဖွဲ့ဝင်များ အကြား အငြင်းပွားစရာ မှန်သမျှနှင့် ကင်းရှင်းစွာ နေလိုသည့် ဆန္ဒ ရှိနေသည်။

          နေပြည်တော် အစိုးရ အနေဖြင့် ဆက်လက် ခေါင်းမာနေဦးမည်မှာ သံသယ ရှိစရာ မလိုပါ။ ယခုနှစ် ကျင်းပမည်ဟု ၎င်းတို့ အဆိုပြုထားသော ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုလည်း လတ်တလော ကြေညာလိုခြင်း မရှိပါ။ အားလုံး အံ့အားသင့် သွားအောင် နောက်ဆုံး အချိန်ကျမှ ကြေညာမည့် အလားအလာ ရှိသည်။ ရွေးကောက်ပွဲ ရက်သည် လက်ရှိ အစိုးရနှင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ အမြတ်ထွက်စေရန် အတွက် ယခုကဲ့သို့ လှည့်စားနေခြင်း ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလသည် မြန်မာ အစိုးရ၏ လက်နက်တိုက် အတွင်းမှ အဆင်သင့် အသုံးပြုရန် သိမ်းဆည်းထားသော လက်နက်ကြီး တစ်ခုသာ ဖြစ်သည်။ နာဂစ်စ် ဆိုင်ကလုန်း အလွန် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ ဇွန်လ နောက်ဆုံးထား၍ အပြီးသတ်ရန် စီစဉ်ထားရာ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်များ တိုင်းပြည်တွင်းမှ ထွက်ခွာသွားမည့် အချိန်နှင့် ကိုက်၍ ဒုတိယ နှစ်ဝက် ကာလတွင် ရွေးကောက်ပွဲ ကျင်းပမည့် အချက်မှာ အလွန်ပင် သိသာ ထင်ရှားနေသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲကို စစ်ဆေး အကဲခတ်မည့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့များ ရှိလိမ့်မည် မဟုတ်တော့ပါ။

          နောက်ဆုံးတွင် နေပြည်တော်မှ စစ်ခေါင်းဆောင်များသာ နိုင်ပြီးရင်း ထပ်မံ အနိုင်ရမည့် အနေအထားသာ ကျန်ရှိတော့ကြောင်း သုံးသပ်လိုက်ရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment